နီပေါရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွဲ

Photo – AP

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နီပေါနိုင်ငံရဲ့ မြို့တော် ခတ္တမန္ဒူမှာ အမေရိကန်ကူညီပံ့ပိုးမှုနဲ့ အခြေခံအဆောက်အအုံ ဆောက်လုပ်မှုတွေကို ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရေကားတွေနဲ့ အင်အားသုံးဖြိုခွဲခဲ့ပြီး ဆန္ဒပြသူအချို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။

၁၈၇ မိုင်ရှည်လျားတဲ့ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းနိုင်ဖို့နဲ့ လမ်းဖောက်လုပ်ဖို့အတွက် အမေရိကန်က ဒေါ်လာ သန်းငါးရာပံ့ပိုးဖို့ ၂၀၁၇ ခုနှစ်က သဘောတူညီထားခဲ့ပြီး နီပေါအစိုးရက ဒါဟာ ချေးငွေအဖြစ်ပြန်ဆပ်ဖို့ မလိုကြောင်း ဆိုခဲ့ပါတယ်။ ဒါပေမယ့် အတိုက်အခံတွေက အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွေမှာ ကြပ်မတ်နိုင်မှု အားနည်းခဲ့ရင် ဒီသဘောတူညီချက်ဟာ နီပေါနိုင်ငံရဲ့ ဥပဒေနဲ့ အချုပ်အခြာအာဏာ စိုးမိုးမှုကို ထိခိုက်ယိုယွင်းစေနိုင်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။

ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက နီပေါနိုင်ငံ ဆက်သွယ်ရေးနဲ့သတင်းနည်းပညာ ဝန်ကြီး ဂျနိန္ဒြာ ဘဟာဒါ ကာကီက အမေရိကန် ကူညီပံ့ပိုးမှု အစီအစဉ်ကို လွှတ်တော်မှာ တင်သွင်းခဲ့ပြီး နီပေါနိုင်ငံရဲ့ လူဦးရေ သန်း ၃၀ မှာ ၂၄ သန်းအတွက် အကျိုးကျေးဇူးရှိမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အာဏာရ ညွန့်ပေါင်းအစိုးရထဲမှာ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေကြားမှာ အမေရိကန်အကူအညီကို လက်ခံသင့်လား၊ ငြင်းပယ်သင့်လားဆိုတဲ့အပေါ် သဘောထားကွဲလွဲနေကြပါတယ်။

နီပေါနိုင်ငံ အမေရိကန်သံရုံးကတော့ ဒါဟာ အမေရိကန်ပြည်သူတွေရဲ့ လက်ဆောင်သာဖြစ်ပြီး အလုပ်အကိုင်နဲ့ အခြေခံအဆောက်အအုံတွေ ကောင်းမွန်ကာ နီပေါပြည်သူတွေရဲ့ ဘဝတိုးတက်ဖို့ပဲဖြစ်တယ်။ နီပေါအစိုးရက အကူအညီတောင်းခံတာကြောင့် စီစဉ်ရတာဖြစ်ပြီး ဆင်းရဲမွဲတေမှု လျှော့ချနိုင်ဖို့ ပွင့်ပွင့်လင်းလင်း ဒီဇိုင်းရေးဆွဲထားတာဖြစ်တယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ခြင်း မဖော်ခြင်းဟာ အချုပ်အခြာအာဏာပိုင်တဲ့ နီပေါနိုင်ငံရဲ့ အဆုံးအဖြတ်သာဖြစ်တယ် လို့ ထုတ်ပြန်ခဲ့ပါတယ်။