ဥရောပပါလီမန်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက် ဖိလစ်ပိုင်ကန့်ကွက်

Photo – Reuters

ဥ‌ရောပသမဂ္ဂ ပါလီမန်က အရှေ့တောင်အာရှနိုင်ငံတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့တဲ့အပေါ် ဖိလစ်ပိုင်နိုင်ငံက ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ဟာ မေလမှာ ကျင်းပတော့မယ့် ဖိလစ်ပိုင်ရဲ့ ရွေးကောက်ပွဲဖြစ်စဉ်ကို ဝင်ရောက်စွက်ဖက်ချင်တဲ့ လမ်းလွဲနေတဲ့ အားထုတ်မှုတစ်ခုဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ဖိလစ်ပိုင်သမ္မတ ရီဂါဒို ဒူတာတေးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်မှုစီမံချက်ဟာ ဥပဒေကို ကျော်လွန်ချိုးဖောက်ပြီး သတ်ဖြတ်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေခဲ့တယ်လို့ ဥပရောပါလီမန်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး လူ့အခွင့်အရေး လှုပ်ရှားသူ၊ သတင်းသမားတွေနဲ့ အစိုးရကို ဝေဖန်သူတွေအပေါ်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။

ရာထူးလက်ခံခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက သမ္မတ ဒူတာတေးရဲ့ သွေးထွက်သံယို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံချက်ဟာ ဝေဖန်မှုတွေ ခံခဲ့ရပြီး သူ့သမ္မတသက်တမ်းအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တရားဝင်စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အမှုလက်ခံ ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်အစိုးရကတော့ ICC ရဲ့ စစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ဖို့ မရှိဘူးလို့ ထပ်ခါတလဲလဲ ထုတ်ပြန်ငြင်းဆန်ခဲ့ပါတယ်။