အာဖဂန်နစ္စတန်နိုင်ငံရဲ့ တာလီဘန်အုပ်ချုပ်မှုခြောက်လအတွင်း ပိုကျပ်တည်းလာ

Photo – AP

တာလီဘန်တွေရဲ့လက်အောက် ကျရောက်ခဲ့တဲ့ နှစ်ဝက်ကာလအတွင်း အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကလောက်  အကြမ်းဖက်မှုတွေ မတွေ့ရတော့ပေမယ့် နိုင်ငံစီးပွားရေး ကျဆင်းမှုကို ရင်ဆိုင်နေရပါတယ်။

သောင်းချီတဲ့ လူလတ်တန်းပညာတတ် အာဖဂန်ပြည်သူတွေဟာ နေအိမ်တွေကနေ တိမ်းရှောင်ပြေးလွှားနေကြရပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေကလို အမျိုးသမီးတွေကို ကျောင်းတက်ခွင့်၊ အလုပ်လုပ်ခွင့်မပေးတဲ့အထိ လွတ်လပ်မှုတွေ ကန့်သတ်မှာကို စိုးရိမ်နေကြပါတယ်။

လက်ရှိမှာ တာလီဘန်စစ်သားတွေက မြို့တွင်းလမ်းတွေမှာ လျှောက်သွားနေကြဆဲဖြစ်ပြီး အမျိုးသမီးတွေကို ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အလုပ်တွေ ဆက်ပေးထားတာ တွေ့ရပါတယ်။ နိုင်ငံ့စီးပွားရေးကျဆင်းမှုကြောင့် အဓိက ထိုးနှက်မှုခံရတာက အမျိုးသမီးတွေ ဖြစ်နေပါတယ်။ 

ချစ်သူများနေ့မှာ အသည်းပုံ ပန်းတွေရောင်းချတဲ့ လူငယ်အချို့ ဖမ်းဆီးခံခဲ့ရပြီး အနောက်နိုင်ငံတွေရဲ့ အယူအဆတွေ ကျန်ရှိနေမှာကို ယောကျ်ားတွေကြီးစိုးပြီး ဘာသာရေးအစွန်းရောက်တဲ့ တာလီဘန်အစိုးရက နှစ်သက်ပုံမရဘူးလို့ ယူဆရပါတယ်။

တစ်ပတ်အတွင်း ထုတ်ယူခွင့်ရှိတဲ့ အမေရိကန်ဒေါ်လာ ၂၀၀ တန်ဖိုးရှိ ငွေကြေးအတွက် ဘဏ်တွေရှေ့မှာ လူတန်းရှည်ကြီးတွေ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။ မကြာမီက နိုင်ငံကူးလက်မှတ်ရုံးကို တာလီဘန်တွေက ပြန်ဖွင့်ပေးခဲ့တဲ့နောက် နေ့စဉ် ထောင်ချီတဲ့လူတွေက ရုံးရှေ့မှာ တန်းစီနေကြပါတယ်။

တာလီဘန်တွေကို စီးပွားရေးအရ ဖိအားပေးတာဟာ သူတို့ကိုမထိတဲ့အပြင် စီးပွားရေးပြိုလဲသွားပြီး လူတွေအများအပြား နိုင်ငံကနေ ပြောင်းရွှေ့ထွက်ခွာတဲ့ ပြဿနာတွေအထိ မီးခိုးကြွက်လျှောက် ဖြစ်သွားနိုင်တယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာမှုအဖွဲ့ (ICG) ရဲ့ အာရှရေးရာ အကြီးတန်း အတိုင်ပင်ခံ ဂရေမီစမစ်က မှတ်ချက်ပေးပါတယ်။