ရှောင်တိမ်းရာမှ ခတ္တပြန်လာတဲ့ ဒါရိုက်တာဝိုင်းကို စစ်အုပ်စုတွေ နေအိမ်မှာ ဖမ်းဆီးသွား

အကြမ်းဖက်စစ်အုပ်စုက ဖမ်းဝရမ်းထုတ်ထားတာကြောင့် ရှောင်တိမ်းနေရတဲ့ ဒါရိုက်တာဝိုင်းဟာ သူရဲ့ ပုဇွန်တောင်မြို့နယ်က နေအိမ်ကို ခတ္တ ပြန်ရောက်လာချိန်မှာ စစ်အုပ်စုတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာ ကျန်းမာရေး မကောင်းမွန်တာကြောင့် နေအိမ်ကို ခတ္တပြန်လာစဉ်မှာ စစ်အုပ်စုက အခုလို ဖမ်းဆီးသွားတာပဲဖြစ်ပါတယ်။
“ ဟုတ်တယ် ကိုဝိုင်းအဖမ်းခံလိုက်ရတယ်။ အိမ်မှာပဲ။ ခုနက။” လို့ အမည်မဖော်လိုတဲ့ အနုပညာသတင်းထောက် တစ်ဦး ကပြောပါတယ်။
ဒီကနေ့ နေ့လည် ၁၁ နာရီလောက်က ဒါရိုင်တာဝိုင်းဟာ သူရဲ့ ပုဇွန်တောင်မြို့နယ်၊ မဟာဇေယျလမ်းက နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပြီး နေအိမ်ကို ရောက်အပြီး တစ်နာရီ မပြည့်ခင်မှာ ရဲကားနှစ်စီးနဲ့ လာရောက် ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါရိုက်တာ ဝိုင်းကို စစ်အုပ်စုက ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ထားတာကြောင့် ရှောင်တိမ်းနေခဲ့ရတာ တစ်နှစ်နီးပါ ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ဒါရိုက်တာဝိုင်းဟာ ကျန်းမာရေး မကောင်းဟု သိရပြီး သူ့ကို စစ်အုပ်စုတွေ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကို တော့မသိရသေးပါဘူး။