အရာတော် ပျူစောထီး ခေါင်းဆောင်တစ်ဦးရဲ့ ပဲစင်းငုံကို ပြည်သူပိုင်သိမ်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ပျူစောထီးခေါင်းဆောင်တစ်ဦးရဲ့ပဲစင်းငုံကို ပြည်သူပိုင်သိမ်းလိုက် တယ်လို့ ၅ မြို့နယ်မဟာမိတ်တပ်ပေါင်းစုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာက ပျူစောထီးခေါင်းဆောင် ကျော်ဆွေဟာ သူပိုင်ဆိုင်တဲ့ ပဲစင်းငုံနဲ့ ဒေသခံတွေဆီကနေ သိမ်းယူထားတဲ့ ပဲစင်းငုံ စုစုပေါင်း ၃၂ ပိုင်းကို တခြားကျေးရွာကကားနဲ့ သယ်ဆောင်ပြီး မန္တလေးကိုရောင်းချဖို့ ထွက်ခွာလာစဉ် တူမီးညီနောင်အဖွဲ့နဲ့မဟာမိတ် ၂ ဖွဲ့ပေါင်းပြီး စစ်ဆေးခဲ့ရာ ကျော်ဆွေရဲ့ ပဲလို့သိရတဲ့အတွက် ပြည်သူပိုင်အဖြစ် သိမ်းယူလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းမြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ‘ကျွန်တော်တို့စစ်ကိုင်းတိုင်းက ရွာတချို့မှာ ပျူတွေက စစ်တပ်အားကိုးနဲ့ ပြည်သူကို ဗိုလ်ကျနေတာတွေရှိတယ်။ ပျူတွေက စစ်တပ်ကို သတင်းပေးတယ်။ စစ်တပ်ကို လမ်းပြတယ်။ပြီးတော့ ပြည်သူကို ဗိုလ်ကျတယ်။ သူတို့ကို ရှင်းနိုင်ဖို့လိုတယ်’ လို့ ဆိုပါတယ်။
သလဲဘာရွာ၊ ငွေတွင်းရွာ၊ စပါးတွင်းရွာ၊ ဆိပ်ဖူးကြီးရွာနဲ့ ဆင်တလည်ရွာက ပျူစောထီးတွေအနေနဲ့ အမြန်ဆုံးလက်နက်ချ အလင်းဝင်ကြဖို့ ၅ မြို့နယ် မဟာမိတ်တပ်ပေါင်းစုက သတိပေးထားပါတယ်။