၃ ပတ်အတွင်း အိုမီခရွန် ပျံ့နှံ့မှုကြီးနိုင်၊လော့ဒေါင်း ပြန်လာနိုင်ကြောင်း ဆရာဝန်ကြီးတချို့မှတ်ချက်ပြု

မြန်မာနိုင်ငံမှာ ၃ ပတ်အတွင်း ကိုဗစ်ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ပျံ့နှံ့မှုကြီးမားပြီး အရင်လိုလော့ဒေါင်း တွေပြန်လာနိုင်တယ်လို့ ဆရာဝန်ကြီးတချို့က မှတ်ချက်ပေးကြောင်း သိရပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့၊ပန်းလှိုင်ဆေးရုံနဲ့ အာရှတော်ဝင်ဆေးရုံတို့မှာ ကိုဗစ်လူနာတွေ ကပြည့်နေပြီး အိုမီခရွန် ကူးစက်မှုနှုန်းများပြားနေတယ်လို့ ရန်ကုန်မြို့နေ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောပါတယ်။
‘လွန်ခဲ့တဲ့ နှစ်ပတ် ခရီးသွားပြန်လာတဲ့သူတွေအတော် များများနှာစေးချောင်းဆိုးဖျားတာ ဖြစ်တယ်’လို့ သူက ပြောပါတယ်။
လက်ရှိမှာ တာမွေမြို့နယ်အတွင်း ကိုဗစ်ကူးစက်မှုအဖြစ်များနေတယ်လို့လည်း သိရပါတယ်။
‘အခုက လူငယ်တွေအဖြစ်များနေတာ။လူကြီးတွေသိပ်မကူးသေးဘူး။သေတဲ့နှုန်းကတော့ အခုမှ စတာမို့ ’လို့ အထွေထွေရောဂါကုဆရာဝန်ကပြောပါတယ်။
ဖေဖေါ်ဝါရီ ၃ ရက်နေ့ ည ၈ နာရီ ကနေ ဖေဖေါ်ဝါရီ ၄ ရက်နေ့ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၃,၈၂၅) ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁၉) ဦး တွေ့ရှိခဲ့ကြောင်း ဒါ့ကြောင့် ဒီနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၄၆၉,၇၂၄) ခုကို စစ်ဆေးခဲ့ပြီး အတည်ပြုလူနာပေါင်း (၅၃၇,၂၂၃) ဦး ရှိပြီဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ ကိုဗစ်ရောဂါနဲ့ ထပ်မံသေဆုံးသူ မရှိ တဲ့အတွက် ဒီနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၃၁၀) ဦးရှိကြောင်း စစ်အုပ်စုလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိအိုမီခရွန် ကူးစက်မှု အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်၊ ဒဂုံမြောက်ပိုင်းနေ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ‘ခု စာရင်းဇယားတွေက ယုံကြည်လို့မရတော့ ပြောဖို့ခက်ပါတယ်၊ ဒါပေမဲ့ အိုမီခရွန်က နှာစေးချောင်းဆိုး အဆင့်လောက်သာ ဖြစ်ကြတာတွေ့ရတယ်’လို့ ဆိုပါတယ်။
ရန်ကုန်မြို့တော်တွင်း ပြည်သူတို့ရဲ့ ကိုဗစ်ကာကွယ်ရေးအသိမှာမူ အင်မတန်လျော့ရဲနေပြီလို့ ရန်ကုန် မြို့နေလူငယ်တစ် ဦးကပြောပါတယ်။
‘ဘတ်စ်ကားပေါ်မှာတောင်တော်တော်များများက မက်စ်မတပ်ကြတော့ဘူး။ဈေးဆိုင်တွေလည်း အရင်လို မှန် တွေဘာတွေကာတာတွေမရှိတော့ဘူး။အခြေခံလူတန်းစားတွေကလည်း စားဝတ်နေရေးရုန်းနေရတော့ ဂရုစိုက်ဖို့မေ့နေပြီထင်တယ်။ဖြစ်ကာမှဖြစ်ရောဆိုသလိုပေါ့။’လို့သူကပြောပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးထားတာ များတဲ့အတွက် အခံရသက်သာနိုင်ပေမဲ့ ဂရုစိုက်ဖို့လိုကြောင်းဒဂုံမြောက် နေ ဆရာဝန်ကထပ်ပြောပါတယ်။
‘ဂရုတော့စိုက်ရမှာပေါ့ မဖြစ်ရင် ပိုကောင်းတယ်။ရောဂါခံရှိနေရင်တော့ ခံရဆိုးနိုင်တယ်’လို့ သူက ဆက်ပြောပါတယ်။