အိန္ဒိယနိုင်ငံတော်ဘတ်ဂျတ်မှာ မြန်မာနဲ့ အာဖဂန်နစ္စတန်အတွက် ကူညီပံ့ပိုးမှုငွေကြေး ထည့်သွင်းရေးဆွဲ

အိန္ဒိယနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတော်ဘတ်ဂျတ်ကို အတည်ပြုပြီးနောက်မှာ မြန်မာနိုင်ငံနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေအပါအဝင် နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေအတွက် ရူပီး ၁၇,၂၅၀ ကုဋေ သုံးစွဲသွားဖို့ သတ်မှတ်ခဲ့ပါတယ်။
အသစ်တက်လာတဲ့ တာလီဘန်အစိုးရကို အသိအမှတ်ပြုတာမရှိသေးတဲ့ အိန္ဒိယအစိုးရဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဒေါ်လာ ၂၆.၇ သန်းနဲ့ ညီမျှတဲ့ ရူပီးငွေ ကုဋေ ၂၀၀ သုံးဖို့သတ်မှတ်ထားပါတယ်။ ဒီပမာဏဟာ ၂၀၂၁-၂၀၂၂ ဘတ်ဂျတ်ကာလကထက် ၄၃ ရာခိုင်နှုန်း လျော့နည်းတဲ့ ပမာဏဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုတော့ ရူပီးငွေ ကုဋေ ၆၀၀ ကူညီဖို့ရှိပြီး ယခင်နှစ်ကအတိုင်းဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ အိမ်နီးချင်း ဘူတန်နိုင်ငံကိုတော့ ရူပီးငွေ ၂,၂၆၆ ကုဋေ ကူညီပံ့ပိုးမယ်လို့ ခွဲတမ်းချထားပါတယ်။
ဒီလို နိုင်ငံတကာ ကူညီပံ့ပိုးမှုအတွက် ငွေကြေး သုံးစွဲတာဟာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု ကြီးမားလာတာကို အံတုနိုင်ဖို့လည်း ဖြစ်ပါတယ်။