ဆေးအိုးဘယ်သူခွဲတာလဲ

ဘဏ်စနစ်ဟာ ၂၀၁၀ မတိုင်ခင်ကတည်းက နာတည်ရှည် ဖြစ်နေတာပါ။ ၂၀၁၀ – ၁၅ ဦးသိန်းစိန်လက်ထက်မှာကျတော့ စီမံခန့်ခွဲမှုအားနည်းချက်တွေ ကို အခွင့်ကောင်းယူပြီး ခရိုနီတွေ ချေးငွေတွေကို ပရမ်းပတာ ထုတ်ချေးကိုယ်ကျိုးစီးပွားအဖြစ်အသုံးချခဲ့ကြတယ်။ နောင် NLD ဒီမိုကရေစီအစိုးရတက်လာရင် အခြေအနေပိုကောင်းမှာပဲဆိုပြီးအိမ်ယာမြေလုပ်ငန်းတွေမှာဝင်ကစား လက်ဝါးကြီးအုပ်လုပ်ခဲ့ကြတယ်။ ဒါနဲ့ပဲ Non Performance Loan ပြန်မဆပ်တဲ့ချေးငွေတွေနဲ့ ကင်ဆာ ဖြစ်ပြီး ကူးစက်ပြန့်ပွားမဲ့အဆင့်ကိုရောက်သွားတယ်။
၂၀၁၅ – ၂၀၂၀ NLD အစိုးရလက်ထက်မှာ အားနည်းချက်အများအပြားရှိပေမဲ့အင်မတန်ကောင်းမွန်တဲ့အားသာချက်ကတော့ ကင်ဆာစွဲနေတဲ့ ဘဏ်လုပ်ငန်းကိုကယ်တင်ရေးပါပဲ။ ငွေစက္ကူကိုင်တွယ်သုံးစွဲရတာများနေရာကနေ mobile banking လို ဟာမျိုးတွေ ဖြစ်အောင်ဆောင်ရွက်ခဲ့တယ်၊ ချေးငွေတွေပြန်မဆပ်လို့ ဘဏ်ငွေလွှဲဝန်ဆောင်ခအပေါ်မှာမှီတည်ပြီး ဘဏ်ဝန်ထမ်းလစာပေးဖို့ ခေါင်းခြောက်နေရတဲ့ဘဏ်တွေ financial product အသစ်နဲ့ transaction တွေများလာတဲ့အပေါ်မှာ ဝင်ငွေရလာတာမို့ နည်းနည်းအသက်ရှုချောင်လာတယ်။ အစိုးရကို ယုံကြည်မှုပိုလာလို့ တဖက်မှာလည်း အိမ်ခြံမြေဈေးကစားလို့မရလို့ ငွေပိုငွေလျှံရှိသူတွေ ဘဏ်ကို အပ်နှံငွေပိုလာတယ်။ ယခင် ၁၅ ထီလျှံလောက်ပဲ ဘဏ်စာရင်းဖွင့်ငွေအပ်နှံတာကနေ ၄၀ ထီလျှံကျော်လောက်အထိ ဘဏ်မှာငွေအပ်လာကြတယ်။ ဒီအတွက် ဘဏ်တွေ ငွေကြေးစီးဆင်းမှု အတိုင်းအတာတခုအထိ အဆင်ပြေလာကြတယ်။ ဒါက အဖြေမဟုတ်ပေမဲ့ အတိုင်းအတာတခုအထိ ချေးငွေတွေပြန်မဆပ်လို့ ဘဏ်တွေငွေကြပ်နေတဲ့ ပြဿနာကို ဆေးမြီးတိုနဲ့ ဖြေရှင်းလို့ရလာတယ်။ ရေရှည်အတွက်တော့ ပြန်မဆပ်တဲ့ချေးငွေအကြွေးတွေကို ဝယ်ယူနိုင်မဲ့ debt market ကို NLD အစိုးရကအကောင်အထည်ဖော်နိုင်အောင်ကြိုးပမ်းလာတယ်။ ငွေကြေးတောင့်တင်းတဲ့ နိုင်ငံခြားဘဏ်တွေ ရင်းနှီးမြှုပ်နှံခွင့်ပြုခြင်းအားဖြင့် မြန်မာဘဏ်မှာ လာပေါင်ထားတဲ့ ကြွေးပြန်မဆပ်တော့တဲ့ Asset တွေ ဝယ်ယူရင်းနှီးမြှုပ်နှံအားပေးခြင်းအားဖြင့် NPL နဲ့ ဗျာများနေတဲ့ မြန်မာဘဏ်တွေ အသက်ရှုချောင်သွားမယ်ပေါ့။ ကင်ဆာဖြစ်တဲ့အစိတ်အပိုင်းဖြတ်တောက်ပြီး ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဆီ မပြန့်နှံသွားအောင်ထိန်းထားပြီး ဆေးသွင်းလို့ ကင်ဆာပိုးတွေ ထပ်မဆိုးလာအောင် လူနာ အသက်အန္တရာယ်မရှိအောင်ကာကွယ်သလိုပေါ့။ မြန်မာဘဏ်တွေထဲမှာ ဘဏ်ကိုဘဏ်နဲ့တူအောင်လုပ်ချင်တဲ့သူတွေ စီမံခန့်ခွဲမှုကောင်းမွန်ရေးကို အားထည့်လိုသူဘဏ်တွေအတွက်ကတော့ ဒါတွေက အသက်ကယ်ဆေးတွေပေါ့။ ရိုက်စားငွေမဲခဝါချဖို့လုပ်ထားတဲ့ လုပ်ရည်ကိုင််ရည် မရှိတဲ့ဘဏ်တွေကတော့ ဆက်လက်မရှင်သန်နိုင်တော့ဘူးပေါ့။ အမျှော်အမြင်ရှိတဲ့ဘဏ်တွေကတော့ ဒီဆေးကိုသောက်လိုတာပေါ့၊ ဘဏ်မှာငွေအပ်ထားပြီး ကိုယ့်ငွေမဆုံးရှုံးလိုတဲ့ ပြည်သူတွေကလည်း ဒီဆေးကို သောက်ချင်တာပေါ့။ ဘဏ်တခုခု ဖြစ်ရင် သူတို့လဲထိမှာကိုး။
NLD လက်ထက်ကောင်းမွန်တဲ့ဘဏ္ဍာရေးဆောင်ရွက်ချက်တခုက နိုင်ငံခြားချေးငွေပုံမှန်ပြန်ဆပ်ခြင်း နဲ့ ပြည်ပငွေကြေးအကူအညီ တွေရယူနိုင်ခြင်းဖြစ်ပါတယ်။ နိုင်ငံရဲ့ အဓိက ဝင်ငွေရတဲ့ ရေနံနဲ့ သယံဇာတ ကရတဲ့ ဝင်ငွေဟာ တဖြေးဖြေးလျော့နည်းလာတာမို့ တိုင်းပြည်မှာ ဘဏ္ဍာရေးလိုငွေ budget deficit က အကြီးအကျယ်ဖြစ်ပေါ်နေတဲ့အန္တရာယ်ရှိနေတာပါ။ နိုင်ငံမှာလိုအပ် တဲ့ ကျေးလက်လမ်းတံတားနှင့် ပညာရေး၊ကျန်းမာရေး၊ လူမှုဖူလုံရေး လုပ်ငန်းတွေ တိုးချဲ့နေရတာမို့ အသုံးစရိတ် လျှော့ချဖို့ဆိုတာလက်တွေ့မကျပါဘူး၊ ဒါကြောင့် မို့ လိုငွေကိုဖြည့်ဖို့ဆိုတာ ပြည်ပပို့ကုန် ပိုမိုတိုးချဲ့ရေးနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့်ချေးငွေ၊ အကူအညီရရှိရေးနည်းလမ်းတွေနဲ့ စီမံခန့်ခွဲရပါတယ်။ ဒီတော့ ပြည်ပချေးငွေတွေ ပုံမှန်ပြန်ဆပ်ခြင်းဟာ နိုင်ငံရဲ့ ကတိကဝတ်တွေကို ဖြည့်ဆီးတာဖြစ်လို့ နိုင်ငံတကာယုံကြည်မှုကိုရစေပြီး cash flow management ကို များစွာအထောက်အကူပြုပါတယ်။ ဒီနေရာမှာ အမှန်တိုင်းဝန်ခံရရင်တော့ ဒီချုပ်အစိုးရတာဝန်ရှိသူတွေ အတွေ့အကြုံအားနည်းမှုကြောင့် ရသင့်ရထိုက်သလောက်မရခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်ပအကူအညီတွေလည်းရှိပါတယ်။ သို့သော်ဘာပဲပြောပြော ငွေကြေးစီမံခန့်ခွဲမှုမှန်ကန်မှုကြောင့် တိုင်းပြည်မှာ ငွေကြေးတည်ငြိမ်မှုရှိတယ်၊ ငွေဖောင်းပွမှုနှုန်းနည်းပါတယ်။ ဦးသိန်းစိန်လက်ထက်ကတော့ ပိတ်ထားတာကနေ စဖွင့်ပေးတာမို့ စီးပွားရေးအခွင့်အလန်းရယူလိုသူတွေပိုမိုများပြားပြီး နိုင်ငံ GDP ဟာ အမြင့်ဆုံး ၈ % ကျော် ရခဲ့တာနဲ့ သွားနိုင်းယှဉ်လို့တော့မရပါဘူး။ ဒီချုပ်လက်ထက်မှာ GDP ၆% ကျော်ဆက်ထိန်းထားနိုင်တာကကို စီးပွားရေး တိုးတက်မှု အမြင့်ဆုံးနိုင်ငံတွေမှာ ဆက်ပါဝင်စေခဲ့ပါတယ်။ ထူးခြားတိုးတက်မှုက ၂၀၁၉ မှာ ပြည်ပပို့ကုန် ဝင်ငွေ အများဆုံးရအောင်စွမ်းဆောင်နိုင်ခဲ့တာပါပဲ။
ခုလက်ရှိမှာတော့ ဒီနာတာရှည်ဖြစ်နေတဲ့ဘဏ်တွေကို ကုသမဲ့ဆေးက ရိုက်ခွဲခံလိုက်ရတာပါပဲ။ လူနာတွေကြောင့် ဆေးအိုးက ကြကွဲတာမဟုတ်ပဲ ရိုက်ခွဲ ခံရတာပါ။ တခြားနိုင်ငံတွေမှာလည်း ဘဏ်ငွေစာရင်းဖွင့်ထားတဲ့သူတွေ ကိုယ့်ငွေကိုယ်အားလုံးက ပြန်ထုတ်ရင် ဘဏ်တွေပြိုကွဲနိုင်တာပါပဲ။ သို့သော် တာဝန်ရှိသူတွေရဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ လူထုယုံကြည်မှု ကိုဆက်လက်ထိန်းသိမ်းထားနိုင်လို့ ဘဏ်စနစ်က ပုံမှန်လည်ပတ်ပြီး ကုန်ထုတ်လုပ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဆက်လက်လည်ပတ်နိုင်တာပါပဲ။ ဒီလို လုပ်နိုင်ဖို့ဆိုတာ ဘဏ်တွေစီမံခန့်ခွဲရုံတင်မက နိုင်ငံရဲ့ ငွေပေးငွေယူ cash flow တခုလုံးကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်တာ အရေးအကြောင်းကြရင် ကူမဲ့ဝိုင်းမဲ့ နိုင်ငံတကာမိတ်ဆွေနဲ့ Global financial mechanism တွေနဲ့ ချိတ်ဆက်ထားနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်လည်း ပြည်ပရောက်နေတော့ ဒီလို စီမံခန့်ခွဲမှုတွေ တိုးတက်လား၊ ဆုတ်ယုတ်လား၊ ဘဏ်မှာငွေထုတ်ရတာတွေကော အဆင်ပြေမပြေ မသိတော့ပါ။ ကြိမ်းသေတာကတော့ လူထုယုံကြည်မှု ကျဆင်းနေဆဲဖြစ်တာရယ်၊ အရေးပေါ်ကူမဲ့ကယ်မဲ့ ပြည်ပ mechanism မရှိတော့တာရယ်၊ ရှိပြီးသား ကင်ဆာထိန်း ဆေးအိုးကြီးရိုက်ခွဲခံလိုက်ရတာကိုတော့ သတိပြုမိပါယ်။ ကျွန်တော်ပြောတဲ့ အလုံးစုံဘဏ္ဍာရေးစနစ်စီမံခန့်ခွဲမှု မကောင်းရင်တော့ ဘဏ်လုပ်ငန်းဟာ ဘယ်လိုမှ ပြန်ကောင်းလာစရာ အကြောင်းမရှိပါဘူး၊ ကြီးနိုင်ငယ်ညှင်းစနစ်နဲ့ လည်ပတ်တဲ့ဘဏ်စနစ်ဟာ လက်တဆုတ်စာ လက်ဝါးကြီးအုပ်ခရိုနီကောင်းစားရေးကိုသာ ရှေ့ရှုမှာဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေး နဲ့ လူထုကောင်းကျိုးကိုဘယ်လိုမှ အထောက်အကူပြုမှာ မဟုတ်ပါဘူး။ ကျွန်တော် နှမြောမိတာက ဘဏ်စနစ်ကို ကုသမဲ့ ဆေးအိုးကြီးရိုက်ခွဲခံရတာနဲ့ လူထုရွေးချယ်တဲ့ ဒီမိုအစိုးရ ပြန်လည်ပေါ်ပေါက်လာရင်တောင်မှ နောက်ဆယ်နှစ်အတွင်း ဒီလိုအခွင့်အရေးထပ်မရနိုင်တာပါပဲ။
(ဦးဝင်းမျိုးသူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာရေးသားထားတဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။)