တောင်ဥက္ကလာပမှာ လူငယ်နှစ်ဦးကို စစ်ကား ၁၅ စီးနဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ဝင်ဖမ်း

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာ မနေ့က လူငယ်နှစ်ဦးကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကား ၁၅စီးနဲ့ လာရောက်ပြီး အိမ်ပေါ်တက် အကြမ်းဖက် ဖမ်းဆီးသွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
မနေ့က ဇန်နဝါရီလ ၂၈ရက်နေ့ ည ၈နာရီကျော်က တောင်ဥက္ကလာပမြို့နယ်၊ ၇ရပ်ကွက်ထဲက ၆ထပ်တိုက် တစ်ခုရဲ့ တိုက်ခန်းတစ်ခုကို အကြမ်းဖက် စစ်အုပ်စုတွေ စစ်ကား ၁၅စီးလောက်နဲ့ လာရောက်ခဲ့ပါတယ်။
အဲ့ဒီနောက် အသက် ၂၀ကျော်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးသွားတာဖြစ်ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ် လို့သိရပါတယ်။
“အိမ်ပေါ်ကနေ လှမ်းမြင်ရတယ်။ စစ်ကား ၁၅ စီးလောက်ရှိတယ်။ ပြီးတော့ တိုက်ပေါ်တက်ဖမ်းတာ။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အဖမ်းခံလိုက်ရတယ်။” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာမျိုးတွေ ပြု‌လုပ်နေဆဲဖြစ်ပြီး AAPPရဲ့ ထုတ်ပြန်ထားမှုအရ ဇန်နဝါရီ ၂၈ ရက်ထိ ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၁၁၈၀၁ ဦး ရှိတယ်လို့ သိရပါတယ်။