၂၀၂၁ မှာနိုင်ငံရေးနဲ့စစ်ရေးပဋိပက္ခကြောင့်ပြည်သူသေဆုံးမှု နှစ်၃၀ကျော်အတွင်း အများဆုံးစံချိန်တင်

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ခုနှစ်မှာနိုင်ငံရေးနဲ့စစ်ရေးပဋိပက္ခကြောင့် အ ရပ်သားပြည်သူသေဆုံးမှုဟာ နှစ်ပေါင်း၃၀ကျော်အတွင်း အများဆုံးအဖြစ်စံချိန်တင်ခဲ့တယ်လို့ ISP-Myanmar ကဖော်ပြပါတယ်။

၂၀၂၁ခုနှစ်အတွင်း နိုင်ငံရေးနဲ့စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သား၃၅၉၈ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

မီဒီယာနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေကို အခြေပြုပြီး ISP-Myanmar က မှတ်တမ်းပြုစုခဲ့မှုအရ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးရတဲ့ အရပ်သား ၂၄,၀၄၀ ဦးထက်မနည်း ရှိခဲ့ပြီး အဲဒီပမာဏရဲ့ ၁၅ ရာခိုင်နှုန်းလောက်ဟာ ၂၀၂၁ ခုနှစ်အတွင်း သေဆုံးခဲ့တာ လို့သိရပါတယ်။

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးခဲ့ရတဲ့ (လုံခြုံရေးတပ်ဖွဲ့ဝင် မဟုတ်တဲ့) အရပ်သားတွေ စာရင်းကို မှတ်တမ်းပြုရာမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ စာရင်း၊ ISP-Myanmar က ပြုစုထားတဲ့ စာရင်းတွေအပြင် Uppsala Conflict Data Program (UCDP)၊ Armed Conflict Location and Event Data Project (ACLED)၊ Peace Research Institute Oslo (PRIO) တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက ဖော်ပြထားတဲ့ စာရင်းတွေကို အခြေခံခဲ့သလို စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေမှာ ပါရှိတဲ့ အရေအတွက်တွေကိုလည်း ထည့်သွင်းတွက်ချက်ခဲ့တယ်လို့ဆိုပါတယ်။

 

 စစ်အုပ်စုက ထုတ်ပြန်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ အတည်ပြုချက် မရှိတာကိုသတိပြုရမယ်လို့ဆိုသလို AAPP ရဲ့ စာရင်းတွေကိုလည်း စစ်အုပ်စုက ငြင်းဆန်ထားတယ်လို့လည်းဆိုပါတယ်။

 AAPP စာရင်းထဲမှာ စစ်အုပ်စုရဲ့ ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ရရှိတဲ့ ဒဏ်ရာတွေကြောင့်သေဆုံးရသူတွေ၊ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူတွေ  ပါဝင်ပါတယ်။