စစ်ကိုင်းမြို့ပေါ်က CDM ရဲတပ်ကြပ်ကြီးရဲ့ နေအိမ်ကို ချိပ်ပိတ်

စစ်ကိုင်းမြို့ပေါ်က CDM ယာဉ်ထိန်းရဲတပ်ကြပ်ကြီးရဲ့အိမ်ကို အကြမ်းဖက်စစ်အုပ်စုက ချိတ်ပိတ် လိုက်တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်၊ လေးကျွန်းမြေရပ်မှာရှိတဲ့ CDM ယာဉ်ထိန်းရဲတပ်ကြပ်ကြီး မျိုးဝင်းရဲ့ နေအိမ်နဲ့ခြံကို ယမန်နေ့က စစ်အုပ်စုဝင်တွေ လာရောက်ချိပ်ပိတ်ခြင်းဖြစ်တယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

 

‘ထုံးစံအတိုင်း စစ်ခွေးတွေချိပ်ပိတ်ချင်တော့ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး တံဆိပ်ကပ်လိုက်တယ်။ ချိပ်ပိတ်တဲ့ အိမ်မှာရှိတဲ့ ပစ္စည်းတွေထဲက သူတို့လိုချင်တာတွေ လုယက်သွားတယ်လို့ကြားတယ်’ လို့ စစ်ကိုင်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

 

CDM ယာဉ်ထိန်းရဲ တပ်ကြပ်ကြီးမျိုးဝင်းကို PDF အဖွဲ့နဲ့ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်ကို ဆိုင်းဘုတ်ကပ် ချိပ်ပိတ်သွားတယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။

ယာဉ်ထိန်းရဲတပ်ကြပ်ကြီးမျိုးဝင်းဟာ၂၀၂၁ခုနှစ် မတ်လကတည်းက CDM လုပ်ခဲ့တာလို့ သိရပါတယ်။