ကျောက်ရစ်ရဲစခန်းကထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ၄ဦးသေ ၂၀ကျော် ဒဏ်ရာရ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။

 


စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကနေထွက်လာပြီး စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု မိုင်းထိပြီး ၄ဦး ပွဲချင်းပြီး သေဆုံးကာ ၂၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က ဒီကနေ ဇန်နဝါရီလ ၂၈ရက်​နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ကျောက်ရစ်ရဲစခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုဟာ အင်အား ၅၀ကျော်နဲ့ မြောင်မြို့နယ် တမဆေးကန်ကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီးနောက် ပြန်ထွက်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေက နဘက်တာတစ်နေရာမှာ မိုင်း ၃လုံးစွဲပြီး တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အနီးနားကျေးရွာတစ်ခုမှာ ဒဏ်ရာပြင်းထန်တဲ့ စစ်သား ၂၀ခန့်ကို ကုသနေခဲ့ပြီး သေဆုံးသူတွေကို ကျေးရွာအနီးမှာပဲ မြုပ်နှံခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို မဟာမိတ်အင်အားစုတွေဖြစ်တဲ့ Myaung Special People’s Defense Force – MSPDF၊ 27 Revolution Forces (မြင်းခြံ)၊Myaung Generation Guerilla Force(MGGF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ မိုင်းတွေအားလုံးဟာ ပြည်သူတွေ လှူဒါန်းထားမှုနဲ့ လုပ်ဆောင်ထားတဲ့ မိုင်းတွေဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။