၂၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။
ကုလလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အမြန်ဆုံးကယ်တင်ပေးစေလိုကြောင်းသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်က ကယားပြည်နယ်အတွင်း အရပ်သားပြည်သူတွေကို မီးရှို့သတ်ဖြတ်မှုအပေါ် အရေးယူပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ NUG အစိုးရရဲ့ ကုလအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းက စာရေးသားပေးပို့တောင်းဆိုရာမှာ အဲဒီလိုဖော်ပြထားပါ တယ်။
မြန်မာ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေကို လူမဆန်စွာ နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ လွတ်လပ်ပြီးဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းဖို့အထူးပင် အရေးတကြီးလိုအပ်နေကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။
လုံခြုံရေးကောင်စီထံဦးကျော်မိုးထွန်းပေးပို့တဲ့ စာထဲမှာ ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်မှုကြောင့်အရပ်သားတွေ သေဆုံးဒဏ်ရာရနေတာ၊ မကွေးတိုင်း ဂန့်ဂေါ မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်သုံးရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးတိုက်ခိုက်တဲ့အတွက် နေအိမ်တွေ ထောင်နဲ့ ချီ ပျက်ဆီးခဲ့သလို ဒေသခံပြည်သူတွေလည်း သေဆုံး၊ ဒဏ်ရာရတာနဲ့ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရတာတွေကိုပါ ထည့်သွင်းရေးသားထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ အနေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချရမဲ့ နေရာတခု နယ်စပ်မှာ အမြန်ဆုံး လုပ်ပေးစေလိုတယ်လို့တောင်းဆိုထားပါတယ်။
ဒီဇင်ဘာ၂၄ရက်နေ့ကကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ တိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့ ကလေးသူငယ်နဲ့အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ၃၅ဦးကျော်ကို အကြမ်းဖက်စစ်တပ်က အရှင်လတ် လတ် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အထူးစိုးရိမ်ထိတ်လန့်မိကြောင်းကြေညာချက်ထုတ်ပြန်ကာ ရှုတ်ချခဲ့ပါတယ်။
အဲဒီမီးရှို့သတ်ဖြတ်မှုဖြစ်စဉ်မှာSave the Children ရဲ့ ဝန်ထမ်းနှစ်ဦးပါ ပျောက်ဆုံးနေတယ်လို့Save the Children Myanmarက ထုတ်ပြန်ထားပါတယ်။