အာဏာသိမ်းပြီး၇လအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း၃၀ကျော်သာဝင်ရောက်

၂၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အာဏာသိမ်းပြီး၇လအတွင်း မြန်မာနိုင်ငံမှာတရုတ်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်သာရှိ တယ်လို့ ISP-Myanmar ကထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်သာ ဝင်ရောက်ထားပြီးအဲဒီရင်းနှီးမြှုပ်နှံမှုတွေဟာ အရင်ရှိရင်းစွဲ စီမံကိန်းတွေမှာ ထပ်တိုး ရင်းနှီးမြှုပ်နှံမှုတွေသာ ဖြစ်တယ်လို့သိရပါတယ်။

အဲဒီကန်ဒေါ်လာ၃၃သန်းရင်းနှီးမြှုပ်နှံမှုဟာ ကာလတူနဲ့နှုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၃၆၄ သန်းလျော့နည်းသွားပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု အနိမ့်ဆုံး ပမာဏကို ရောက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။

သြဂုတ်လအတွင်း တရုတ်နိုင်ငံက မွေးမြူရေးနဲ့ရေလုပ်ငန်းကဏ္ဍမှာ အမေရိကန် ဒေါ်လာ ၄သိန်းကျော် ထပ်တိုးရင်းနှီးမြှုပ်နှံမှုဝင်ခဲ့ပြီး ကျန်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ခြင်းမရှိပါဘူး။

အကြမ်းဖက်စစ်အုပ်စုရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် သြဂုတ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အနိမ့်ဆုံးလ ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။

၂၀၂၂ခုနှစ်မြန်မာ့စီးပွားရေးဟာ ဆက်ဆိုးစရာသာရှိတယ်လို့ ရန်ကုန်အခြေစိုက်လုပ်ငန်းရှင်တချို့က ခန့်မှန်း ပါတယ်။