၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ လူပေါင်း ၃၅ ဦးကျော်အတွက် အမေရိကန် ပြည်ထောင်စုက ဒီ အကြမ်းဖက်လုပ်ရပ်ကို ပြစ်ရှုတ်ချလိုက်ပါတယ်။
မီးရှို့သတ်ဖြတ်ခံရသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်ခဲ့ပြီး နိုင်ငံတကာ ပရဟိတအဖွဲ့ Save the Children ဝန်ထမ်းတွေလည်း ပျောက်ဆုံးနေခဲ့တာဖြစ်တယ်လို့ ကနဦး သတင်းတွေမှာ ဖော်ပြပါတယ်။
မော်တော်ယာဥ်များထဲ ဒေသခံတွေနဲ့ ကလေးငယ်တွေကို မီးရှို့သတ်ဖြတ်မှုလုပ်ရပ်ဟာ အရက်စက်ဆုံး လုပ်ရပ်အဖြစ် အမေရိကန်ပြည်ထောင်စုဘက်က ပြစ်တင်ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုကျူးလွန်သူတွေအားလုံး လုပ်ရပ်အတွက် တာဝန်ယူရစေဖို့ ဖိအားပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
နိုင်ငံတကာ ပရဟိတအဖွဲ့ save the children ကတော့ဆိုးရွားတဲ့ အဲ့ဒီဖြစ်ရပ်အပြီးမှာ ဒေသတွင်း ပရဟိတလုပ်ငန်းတွေကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂဘက်ကတော့ ဒီအကြမ်းဖက်ကျူးလွန်မှုတွေအတွက် ခိုင်လုံတဲ့ သက်သေတွေ ရရှိထားပြီးပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။
ကုလသမဂ္ဂ စာနာမှုဆိုင်ရာ အကူအညီပေးရေး အကြီးအကဲဖြစ်သူ မာတင်ဂရစ်ဖစ်ကတော့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။