ဖရူဆိုမှာ Save the Children ကားမီးရှို့ဖျက်ဆီးခံရ၊ဝန်ထမ်း၂ဦးပျောက်ဆုံးနေ

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကယားပြည်နယ်၊ဖရူဆိုမြို့နယ်အတွင်း အရပ်သားပြည်သူတွေ တိုက်ခိုက်ခံရမှုမှာ တာဝန်ထမ်းဆောင်နေတဲ့ Save the Childrenဝန်ထမ်းတွေစီးလာတဲ့ကားမီးရှို့ဖျက်ဆီးခံထားရပြီး ၂ဦးပျောက်ဆုံးနေ တယ်လို့သိရ ပါတယ်။

အဲဒီဝန်ထမ်းနှစ်ဦးဟာ အနီးအနားရှိ ရွာတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်အပြီး တာဝန်ထမ်းဆောင်ရာရုံးကိုပြန်နေစဉ် တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရပြီး ပျောက်ဆုံးနေခြင်းဖြစ်တယ်လို့ Save the Children in Myanmar ကသတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ၂၄ရက်နေ့ကဖရူဆိုမြို့နယ်အတွင်း မြန်မာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သားပြည်သူ ၃၈ ဦးထက်မနည်း မီးရှို့သတ်ဖြတ်ခံရမှုကို Save the Children အနေနဲ့ ပြစ်တင်ရှုတ်ချကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Save the Children ရဲ့ အမှုဆောင်ချုပ်  Inger Ashing က နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်တဲ့ အဲဒီအကြမ်းဖက်လုပ်ရပ်ကို  ပြင်းထန်စွာရှုတ်ချကြောင်း အပြစ်မဲ့ ပြည်သူတွေနဲ့ မြန်မာတစ်ဝန်း အကူအညီလိုအပ်နေတဲ့သန်းပေါင်းများစွာသော ကလေးသူငယ်တွေကိုကူညီပံ့ပိုးရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေလုပ်ဆောင်နေတဲ့ Save the Children ဝန်ထမ်းတွေကို အခုလိုအကြမ်းဖက်တဲ့အပေါ် အလွန် ထိတ်လန့်အံ့ဩတုန်လှုပ်မိကြောင်းပြောပါတယ်။

အခုလိုအဖြစ်အပျက်ကြောင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသတချို့နဲ့ ကရင်ပြည်နယ်ရှိ စီမံကိန်းတွေကို ယာယီရပ်ဆိုင်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။