၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။
NUG/MODဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဉ်ရှိရှိ ဆင်နွှဲနေပြီး မဟာမိတ်များနဲ့ ညှိနှိုင်းရေးဆွဲထားတဲ့ မဟာဗျူဟာ အစီအစဉ်အတိုင်း စနစ်တကျ အဆင့်လိုက် အကောင်အထည်ဖော်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။
လတ်တလော နိုင်ငံအနှံ ပေါ်ပေါက်နေတဲ့ အရေးကြီးတဲ့ တိုက်ပွဲတွေဟာ NUG/MODနဲ့ မဟာမိတ်များ ပူးပေါင်းဖော်ဆောင်ထားတဲ့ ကွပ်ကဲမှုစနစ် (Chain Of Command)အောက်က သွားနေတာ ဖြစ်ကြောင်း
အရပ်ဖက်ကွပ်ကဲမှုကို NUG/MODက တာဝန်ယူပြီး စစ်ရေးဦးဆောင်မှုကို မဟာမိတ် စစ်ရေးကျွမ်းကျင်သူတွေက တာဝန်ယူထားကြောင်း ဦးရည်မွန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပြောကြားထားပါတယ်။
‘စစ်မြေပြင် တစ်နေရာမှာ ကိုယ့်ရဲဘော်တွေ ထိခိုက်တယ်၊ကျဆုံးတယ်ဆိုတဲ့ သတင်းကြားတိုင်း NUGအပေါ် အားမလို အားမရ ဖြစ်ကြတဲ့အပေါ် ကျွန်တော်တို့ ကောင်းကောင်း နားလည်ပါတယ်။NUGဘာလုပ်နေသလဲလို့ ပြစ်တင်မောင်းမဲကြတာတွေ (အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ)ကိုလည်း ကျွန်တော်တို့ အလေးအနက်ထားပါတယ်။ သို့သော် စစ်မဟာဗျူဟာနဲ့ စီမံချက်များဟာ စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ဖြစ်တဲ့အတွက် အားလုံး အသိပေး ရှင်းပြခြင်း မပြုနိုင်တဲ့အပေါ် နားလည်ပေးဖို့ ပန်ကြားပါတယ်။
ကိုယ့်ရဲ့ လူအင်အား၊ရန်ပုံငွေအင်အား၊ လက်နက်အင်အားသည်ပင် လျှို့ဝှက်အပ်တဲ့ အရာ ဖြစ်ပါတယ်။NUG/MODအနေနဲ့ ကိုယ့်ရှိတဲ့ Resources အားလုံးကို အကျိုးအရှိဆုံး အထိရောက်ဆုံးဖြစ်အောင် စီမံခန့်ခွဲ သုံးစွဲနေတယ်ဆိုတာလည်း အသိပေးလိုပါတယ်’လို့သူကပြောပါတယ်။
အခုအခါ Regular PDF တပ်ရင်းတွေ ရာနဲ့ချီကို စနစ်ကျတဲ့ Chain Of Command အောက်မှာ ဖွဲ့စည်းထူထောင်ပြီး ဖြစ်သလို လက်နက်တပ်ဆင်မှုကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မျှမျှတတဖြစ်အောင် စီမံဆောင်ရွက်နေကြောင်းတစ်ချိန်တည်းမှာပဲ စစ်မဟာဗျူဟာအရ စစ်ရေးစီမံချက်အရ ဦးစားပေးတပ်ဆင်ရတဲ့ ဒေသတွေ ရှိကြောင်းဆိုပါတယ်။
‘စစ်တိုက်တဲ့အခါ လက်နက်ဟာ မရှိမဖြစ် လိုအပ်ပေမယ့် လက်နက်ရှိတိုင်း စစ်တိုက်လို့ ရတာတော့ မဟုတ်ပါဘူး။အမိန့်ပေး ကွပ်ကဲမှုစနစ် Chain Of Commandတည်ဆောက်မှု ၊မဟာမိတ်တွေရဲ့ နားလည်ယုံကြည်မှုနဲ့ ပူးပေါင်းဆောက်ရွက်မှု၊ထောက်ပို့နဲ့ ဆက်သွယ်ရေးယန္တရား တည်ဆောက်မှု၊ ဗျူဟာမြောက် ဟန်ချက်ညီ ဆောင်ရွက်နိုင်မှုတွေဟာ အလွန် အရေးကြီးပါတယ်။
အခုဆိုရင် PDFတပ်ဖွဲ့ ဝင်တွေဟာ မဟာမိတ်ရဲဘော်တွေနဲ့ လက်တွဲပြီး စစ်မြေပြင်မှာ လက်တွေ့တိုက်ပွဲဝင်နေကြပြီ ဖြစ်သလို တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေနဲ့ PDFတပ်ရင်းတပ်ဖွဲ့တွေလည်း အမြောက်အမြား ရှိနေပါပြီ’လို့ သဦးရည်မွန်ကပြောပါတယ်။
‘NUGအနေနဲ့လည်း ရိုးဖြောင့်သော စိတ်နှလုံးနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ မခိုမကပ် အလုပ်လုပ်နေတယ်ဆိုတာလည်း အသိပေးလိုပါတယ်’လို့သူကဆိုပါတယ်။
NUG၊PDFနဲ့ မဟာမိတ်တွေကို အချိန်တစ်ခု ပေးပါလို့လည်း ဦးရည်မွန်က ဆိုပါတယ်။
‘မိတ်ဆွေတို့ မျှော်လင့်တဲ့ ရလဒ်များကို သူတို့ ရယူပေးပါလိမ့်မယ်။စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခွင့် မရစေရဘူးဆိုတာ ကတိပြုပါတယ်’လို့သူကဆက်ပြောပါတယ်။