လွိုင်ကော်လေဆိပ်မှာ MNAက ခရီးသည်တင်လေယာဉ်တစ်စီးဆင်းသက်စဉ် ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်

၂၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကယားပြည်နယ်(ကရင်နီ) လွိုင်ကော်မြို့မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNAက ခရီးသည်တင်လေယာဉ်တစ်စီး ဆင်းသက်စဉ် ရှော့တိုက်ဒုံးနဲ့ အပစ်ခံခဲ့ရတယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းပြန်ချက်ကို ပြည်တွင်းသတင်းဌာနအချို့မှာ ဖော်ပြခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၄ရက်နေ့ မနက် ၈နာရီ၃၅မိနစ်ခန့်မှာ ဘာဒိုကျေးရွာအနီး သင်္ချိုင်းကုန်းနေရာမှာ KNPPနဲ့ PDFတို့က MNAက လေယာဉ်ဆင်းသက်စဉ်မှာ ၁၀၇မမ ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတာဖြစ်တယ်လို့ စစ်အုပ်စုက စွပ်စွဲပြောကြားထားပါတယ်။

ရှော့တိုက်ဒုံးတွေဟာ လေယာဉ်ကွင်းအနီးကိုသာ ကျရောက်ခဲ့ပြီး လေယာဉ်၊ အဆောက်အဦးနဲ့ လူထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

“အဲ့ဒါနဲ့ ပက်သက်ပြီး မသိဘူးခင်ဗျ၊ KNPPကတော့ ဘာမှသတင်းထုတ်ပြန်တာမတွေ့ဘူး၊ MNAက အခု ဖက်ဆစ်တပ်ကပိုင်နေတာဆိုတော့ ဒါကိုမစီးဖို့အရေး ပြည်နယ်ထဲမှာ ပြောထားပြီးသား ပြည်သူအများစုက မစီးကြဘူး အဲ့လေယာဉ်တွေနဲ့ သူတို့ဖက်ဆစ်တွေပဲ တပ်အပြောင်းအလဲနဲ့ အင်အားဖြည့်တာ ရိက္ခာပို့တာလုပ်နေတာ ဒီမှာပြည်သူကမသုံးဘူး”လို့ လွိုင်ကော် ဒေသခံတစ်ဦးကပြောပါတယ်။

လွိုင်ကော်လေဆိပ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေယာဉ်တွေသာ အဆင်းအတက်လုပ်ဆောင်နေပြီး MNAလေယာဉ်တွေကိုပါ အသုံးပြုကာ ပြည်သူတွေနဲ့ ရောနှောပြီး စစ်အုပ်စုက အင်အားဖြည့်တင်းတာ ရိက္ခာထောက်ပို့တာတွေ လုပ်ဆောင်နေတာကြောင့် လေကြောင်းလိုင်းတွေကို အသုံးပြုပြီး ခရီးမသွားဖို့ KNDFက ဒီဇင်ဘာလ ၃ရက်နေ့မှာ မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။