ရွှေညောင်မြို့ အလက(၂) စာသင်ကျောင်းမှာ ကျောင်းသားမိဘတွေကို တစ်နေ့၃ဦး လုံခြုံရေးစောင့်ခိုင်း

၂၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရွှေညောင်မြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှာ ကျောင်းလုံခြုံရေးအတွက်ဆိုကာ ကျောင်းသားမိဘတွေကို တစ်နေ့လျှင် ၃ဦးစီ လုံခြုံရေးစောင့်ခိုင်းထားတယ်လို့ တောင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ နွေဦးတော်လှန်ရေးသတင်းတွေ ထုတ်ပြန်ပေးနေတဲ့ တောင်ကြီးနွေဦးချန်နယ်က ဖော်ပြထားပါတယ်။

ကျောင်းအုပ်ဖြစ်သူက ထွေအုပ်စုံညီအစည်းအဝေးတစ်ခုမှာ ကျောင်းလုံခြုံမှုမရှိလို့ တင်ပြခဲ့တာကြောင့် ဒီဇင်ဘာ ၁၈ရက်နေ့က စတင်ကာ အခုလို ကျောင်းသားမိဘတွေကို လုံခြုံရေးစောင့်ခိုင်းစေခြင်းဖြစ်တယ်လို့ သိရပါတယ်။

အရင်လကုန်ကထွေအုပ်အစည်းအဝေးမှာ ဒီကျောင်းက လုံခြုံမှုမရှိဘူးလို့တင်ပြထားလို့ အခုလိုလုပ်ရတာပါ။ ကိုယ်တိုင်မစောင့်နိုင်ရင် နေ့စားတစ်ရက်လျှင် ၅၀၀၀နှုန်းဖြင့် လုပ်စားနေသူတွေလည်းရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးကဆိုပါတယ်။

အမှတ်(၂) အလကကျောင်း ကျောင်းအုပ်ဟာ နိုဝင်ဘာလအတွင်းကလည်း ကျောင်းမှာရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ တစ်ယောက်ကို တစ်ထောင်စီနှုန်းကောက်ခံခဲ့ပြီး ရွှေညောင် အထကအထိ လမ်းလျှောက်တန်းစီးသွားခိုင်းအပြီးမှ လုံခြုံရေးမပါ အကာအကွယ်မပါဘဲ ကားငှါးလိုက်ပို့ပေးခဲ့ဖူးပါတယ်။   

ဒီလိုအခကြေးငွေတောင်းခံတဲ့ သတင်းတွေ ထွက်ပေါ်အပြီးမှာတော့ ကျောင်းအုပ်ဖြစ်သူဟာ ကောက်ခံထားတဲ့ ငွေတစ်ထောင်စီကို ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ စာသင်ကျောင်းတွေမှာ အလှူငွေကောက်ခံမှုကို တင်းကြပ်စွာ တားမြစ်ခဲ့ပေမဲ့ စစ်အုပ်စုက အတင်းအဓမ္မပြန်လည်ဖွင့်တဲ့ စာသင်ကျောင်းတွေမှာတော့ Non CDM ဆရာ၊ဆရာမတွေဟာ အလှူငွေကောက်ခံတာတွေအပြင် ကျူရှင်သင်ကြားတာတွေကို ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေကြပါတယ်။

ဓာတ်ပုံ-တောင်ကြီးနွေဦးချန်နယ်