ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့ စစ်အုပ်စုကို လက်နက်ရောင်းချမှုမှာ ပါဝင်နေဟုဆို

၂၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအချို့ဟာ မြန်မာအကြမ်းဖက်စစ်အုပ်စုကို လက်နက်ရောင်းချမှုတွေမှာ ပါဝင်ပက်သက်နေတယ်လို့ Justice for Myanmarကထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုလေတပ်ရဲ့ တပ်တော်ဝင်အခမ်းအနားတစ်ခုမှာ ခင်းကျင်းပြသခဲ့တဲ့ လေယာဉ်တွေထဲမှာ ပြင်သစ်၊ ရုရှား၊ တရုတ်စတဲ့ ကုလသမဂ္ဂလုံခြုံရေးကော်စီအဖွဲ့ဝင်နိုင်ငံတွေကနေ ထုတ်လုပ်တဲ့ လေယာဉ်တွေ ပါဝင်နေခြင်းနဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

“ATR နဲ့ Airbus လေယာဉ် တွေ အကြမ်းဖက်မြန်မာစစ်ကောင်စီလက်ထဲ ဘယ်လိုရောက်ရှိသလဲဆိုတာကို ပြင်သစ်၊ ဒက်ချ်နဲ့ အီတလီအစိုးရတို့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်းလုပ်ဆောင်ရပါမယ်။ ဒီလေယာဉ်တွေကို စစ်တပ်က အရပ်သားပြည်သူတွေကို တိုက်ခိုက်ဖို့၊ ကလေးသူငယ်တွေကို သတ်ဖြတ်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။ ဇွန်လနောက်ပိုင်း စစ်တပ်က လေယာဉ်တွေ ဆက်ပြီးဝယ်ယူနေတယ် ဆိုတဲ့အချက်က ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခဲ့တာမရှိကြောင်း သတိပေးလှုပ်နှိုးလိုက်တာ ဖြစ်ပါတယ်”လို့ Justice for Myanmar ပြောရေးဆိုခွင့် ရှိသူ မရတနာမောင်က ပြောပါတယ်။

အခုလို အကြမ်းဖက်စစ်အုပ်စုကို လက်နက်ရောင်းချနေမှုဟာ ကုလသမဂ္ဂလိုအမြင့်ဆုံးအဖွဲ့အစည်းတစ်ခုက မြန်မာနိုင်ငံအပေါ် လေးနက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့ ပျက်ကွက်နေတာ ဘာ့ကြောင့်လဲဆိုတာကို ရှင်းပြပေးလိုက်သလိုပါဖြစ်စေတယ်လို့ သိရပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာကိုင်ထားတဲ့ အမြဲတမ်းအဖွဲ့ဝင်နှစ်နိုင်ငံက အကြမ်းဖက်မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချ နေတယ်ဆိုတဲ့ အချက်ဟာ ကုလသမဂ္ဂအမြင့်ဆုံးအဖွဲ့အစည်းက မြန်မာနိုင်ငံအပေါ် လေးနက်တဲ့ အရေးယူဆောင်ရွက်မှုတွေချမှတ်ဖို့ လုံးဝပျက်ကွက်နေတာ ဘာကြောင့်လဲဆိုတာကို ရှင်းပြပေး လိုက်တာပါပဲ။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ရုရှားနဲ့တရုတ်နိုင်ငံတို့ရဲ့ ကြံရာပါပတ်သက်မှုအပေါ် အရေးယူ ဆောင်ရွက်ချက် တွေ ချမှတ်ရပါလိမ့် မယ်”လို့ မရတနာမောင်က ဆက်လက်ပြောကြားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ရက်နေ့ကနေ နိုဝင်ဘာလ ၂၆ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ထိတွေ့တိုက်ပွဲတွေဟာ ယီမင်နဲ့ အာဖဂန်နစ္စတန်နိုင်ငံနှစ်ခုလုံးထက် ပိုမိုများပြားနေတယ်လို့ Justice for Myanmarရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။