ဖူးလေးစစ်ဘေးရှောင်စခန်းမှာ ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာပြီး စားနပ်ရိက္ခာတွေလိုအပ်နေ

၂၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။

လေးကေကော်ဒေသတိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ ဖလူးလေးစစ်ဘေးရှောင်စခန်းဆီကို ထပ်မံရောက်ရှိလာနေပြီး ရေအိမ်အခက်အခဲနဲ့ စားနပ်ရိက္ခာတွေပါ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

“လက်ရှိလိုအပ်ချက်ကတော့ အဓိကက အိမ်သာလိုတယ်။ သူတို့အတွက် စောင်တို့၊ အခင်းတို့ စားရေးသောက်ရေးကိစ္စတွေ လိုအပ်နေတယ်။ ရိက္ခာလိုတယ်။ တိုက်ပွဲမှာတော့ ဒေသခံတွေ ထိခိုက်မှုမရှိပါဘူး။ တိုက်ပွဲသံကြောင့် လန့်ပြီး၊ စိတ်လှုပ်ရှားပြီး သတိလစ်တာတို့ဘာတို့ အဲဒီလိုမျိုးတွေတော့ရှိတယ်။ အေးတဲ့ဒဏ်ကို မခံနိုင်လို့ သူတို့ရောဂါဟောင်းတွေ ပြန်ထတာတို့ရှိတယ်။ အချို့တွေဆို သွေးတိုးတယ်။ ညကဆိုရင် သွေးတိုးပြီးတော့ ကိုယ်တခြမ်း လေဖြန်းသွားတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူတို့တွေ အကုန်လုံးကို ဒီဘက်မှာ ဆရာဝန်တွေလည်းရှိတယ်။ ဆေးပစ္စည်းတွေလည်း အတော်အသင့်ရှိတယ်။ သူတို့တွေကို ဆေးကုပေးတယ်။ ကုပေးလို့ လိုအပ်ချက်ရှိရင် ဟိုဘက်ခြမ်းကို ချက်ချင်းပို့ပြီးတော့ မဲဆောက်ဆေးရုံကို ပို့ပေးတယ်။ ဟိုဘက်ကမ်းနဲ့ ချိတ်ဆက်မှုရှိတယ်။ အဆင်ပြေပါတယ်” လို့ ဖလူးလေးစစ်ဘေးရှောင်စခန်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဒီဇင်ဘာလ ၁၉ရက်နေ့ မနက်ပိုင်းမှာ စွယ်တော်ကုန်းကို တိုက်ပွဲဖြစ်ပွားပြီးနောက် ဖလူးကြီးကျေးရွာဘက်ကို စစ်ကြောင်းဆက်လက်ထိုးလာခဲ့ပြီး ကျေးရွာဘောလုံးကွင်းထောင့်အရောက်မှာ KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

“လေးကေ့ကော်တိုက်ပွဲ မဖြစ်ခင်ကတည်းက ရှောင်လာတဲ့သူတွေ ကျွန်တော်တို့ ကယ်ထုတ်ထားတာရှိတယ်။ လာပြီးခိုလုံတာတွေရှိတယ်။ တိုက်ပွဲဖြစ်တဲ့အခါ ပိုများလာတယ်။ ပထမတစ်ဖြတ် ဒီစခန်းမှာ ကူညီစောင့်ရှောက်ထားတဲ့ စစ်ဘေးရှောင်ပြည်သူဟာ အားလုံးပေါင်း ၄၈၄ ယောက်ရှိတယ်။ မနေ့က ဒီနားအထိ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ ရောက်လာလို့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ ဖလူးကြီးကိုလာပြီးတော့ စစ်ဘေးရှောင်တဲ့ ပြည်သူတွေဟာ အကုန်လုံးက ဒီဖလူးလေးစစ်ဘေးရှောင်စခန်းကို ရောက်လာတယ်”လို့ ဖလူးလေးစစ်ဘေးရှောင်စခန်းရဲ့ ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောကြားပါတယ်။

မနေ့က တိုက်ပွဲတွေကြောင့် ဖလူးလေးစစ်ဘေးရှောင်စခန်းကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ၂၅၀၀နီးပါးထိရှိနေပြီး သောင်ရင်းမြစ်ကိုဖြတ်ကူးကာ ထိုင်းနိုင်ငံဘက်ကို သွားရောက်ခိုလှုံနေသူတွေလည်း ၁၀၀၀ နီးပါးရှိနေတယ်လို့ သိရပါတယ်။

“ဟိုဘက်ကမ်းအတွက် ကျွန်တော်တို့က NUG အစိုးရကို တင်ပြထားတာရှိတယ်။ သူတို့ကလည်း လူကယ်ပြန်ဝန်ကြီးဌာနကနေ လာပြီးတော့ ကူညီဖို့ရှိတယ်။ ဒီဘက်ကမ်းက လူတွေကိုလည်း လက်ရှိက ဒီအနားအထိ တိုက်ပွဲတွေဖြစ်လာပြီဆိုတော့ ဟိုဘက်ကမ်းကို သွားဖို့စီစဉ်ထားတယ်။ ဒီမှာရှိတဲ့ လူတွေအကုန်လုံးလည်း ဟိုဘက်ကမ်းကို ကူးကြမှာ” လို့ ဖလူးလေးစစ်ဘေးရှောင်စခန်းရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

မြေပြင်သတင်းတွေအရ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင်တွေဟာ စားနပ်ရိက္ခာပြတ်လတ်နေပြီး တိုက်ပွဲအတွင်းမှာ အယောက် ၁၀၀နီးပါးခန့် ပိတ်မိနေကာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။