အာဏာရှင်တွေအတွက် အသက်ပေးမလား လက်နက်ချပြီး လူလိုသူလို ဆက်ဆံတာခံမလား

၁၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အာဏာရှင်တွေအတွက် အသက်ပေးမလား လက်နက်ချပြီး လူလိုသူလို ဆက်ဆံတာခံမလားလို့ CDM တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ People’s Embraceက စစ်အုပ်စုလက်အောက်မှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ တပ်မတော်သားတွေကို ဖိတ်ခေါ်လိုက်ပါတယ်။

ဒီကနေ့ လေးကေကော်တိုက်ပွဲအတွင်းမှာ အရှင်ဖမ်းဆီးရမိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို KNUက ကောင်းမွန်စွာ စောင့်ရှောက်ထားတဲ့ သတင်းဓာတ်ပုံတွေ ထွက်ပေါ်လာအပြီးမှာ People’s Embraceက အခုလို ဖိတ်ခေါ်လိုက်တာပဲဖြစ်ပါတယ်။

“ကိုယ်ကျိုးစီးပွားကလွဲရင် အောက်ခြေစစ်သည်တွေမျက်နှာကို လှည့်မကြည့်တဲ့ ဆီမှာနေပြီး ဘဝဆုံးခံမလား၊ ရန်သူကိုတောင် လူ့ဂုဏ်သိက္ခာမလျော့အောင် ဆက်ဆံတဲ့သူဆီ လက်နက်ချမလား။

ရှေ့တန်းရောက်နေသူတွေ၊ အင်တာနက်သုံးရခက်နေသူတွေအတွက်လည်း ဆွေမျိုး/မိသားစုဝင်တွေက ပြည်သူ့ရင်ခွင် – People’s Embrace ကို Telegram : @MyanmarPeople ( http://t.me/MyanmarPeople ) ကနေ ကိုယ်စားဆက်သွယ်နိုင်ပါတယ်”လို့ People’s Embraceက ဖိတ်ခေါ်ထားပါတယ်။

People’s Embrace အဖွဲ့ဟာ CDMတပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းကာ ပံ့ပိုးကူညီနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။