ကယားပြည်နယ်(ကရင်နီ)တွင်း ဒီကနေ့တိုက်ပွဲတွေမှာ စစ်အုပ်စုက ၇ဦးသေ

၁၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ် ၆မိုင်ကျေးရွာအုပ်စု ဝပ်လထွားကျေးရွာအတွင်းမှာ ကင်းပုန်းစောင့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကရင်နီတပ်မတော် KAနဲ့ KNDFတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၄ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၆ရက်နေ့ မနက် ၁၀နာရီ ၁၅မိနစ်ခန့်မှာ ကျေးရွာတွေအတွင်းမှာ အရပ်ဝတ်နဲ့ ပုန်းခိုနေတဲ့ စစ်အုပ်စုကို ပူးပေါင်းအဖွဲ့က ဝင်ရောက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNDFက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ၄ဦးသေဆုံးကာ ၅ဦးဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ဦး လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက် ၉နာရီခန့်မှာ လွိုင်ကော်မြို့နယ် လွိုင်လင်လေးအရှေ့ဘက် ကနန်းကွယ်ကျေးရွာနဲ့ ရေကန်ကျေးရွာကြားမှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကရင်နီတပ်မတော် KAနဲ့ KNDFတို့ကို ခုခံစစ်ဆင်နွှဲခဲ့ပြီး စစ်အုပ်စုက ၃ဦးသေဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၃နာရီကျော်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ ကရင်နီတပ်မတော်မှ သူရဲကောင်းတစ်ဦး ကျဆုံးခဲ့ရတယ်လို့ KNDFက ထုတ်ပြန်ထားပါတယ်။

ကျဆုံးသူရဲကောင်းနဲ့ပက်သက်ပြီး KNDFက အမျိုးသား အာဇာနည်သူရဲကောင်းအဖြစ် အလေးပြု သမိုင်းမှတ်တမ်းတင်ကြောင်းနဲ့ အကြမ်းဖက်စစ်အုပ်စု အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။