၁၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။
ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့ပေါ်ရှိ စစ်ဆေးရေးဂိတ်တချို့မှာ အကြမ်းဖက်စစ်သားတွေက အမျိုးသမီးတွေ ဖြတ်သန်းသွားလာတဲ့အခါ ကာအိန္ဒြေပျက်အောင် ထိပါးပြောဆိုရိုင်းစိုင်းနေတယ်လို့ သိရပါတယ်။
ခရမ်းမြို့၊ ဒေးပေါက်စစ်ဆေးရေးဂိတ်နဲ့ တမံကြီးစစ်ဆေးရေးဂိတ်တို့မှာ မိန်းကလေးတွေ ဖြတ်သန်း သွားလာပါက အကြမ်းဖက်စစ်သားတွေက `အစစ်ဆေးခံမှာလား၊ အနမ်းခံမှာလား´ လို့ ပြောကြားကြောင်း ကိုယ်တိုင်ကြုံတွေ့ခံရသူတွေက ပြောတယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
‘အဲဒါထက်မိုက်ရိုင်းတဲ့အပြောအဆိုမျိုးတွေတောင်ရှိတယ်။အထူးသဖြင့် မိန်းကလေးငယ်ငယ်တွေ တစ် ယောက်တည်း၊နှစ်ယောက်တည်း လာတဲ့အချိန်မျိုး၊ပြီးတော့အဲဒီအချိန်မှာ တခြားလူတွေလည်း ဖြတ်သွား ဖြတ်လာ မရှိတဲ့အချိန်မျိုးမှာ’လို့ ခရမ်းမြို့ထဲမှာနေထိုင်တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
ခရမ်းမြို့နယ်အတွင်း စစ်အုပ်စုပစ်မှတ်တွေ မကြာခဏတိုက်ခိုက်ခံရတာကြောင့် ခရမ်းမြို့ပေါ်မှာ စစ်အင်အား တိုးချဲ့ချထားလေ့ရှိပြီး မြို့အဝင်အထွက်ဂိတ်တွေအပြင် ရှောင်တခင်စစ်ဆေးမှုတွေကိုပါ လုပ်လေ့ရှိပါတယ်။
‘ပြည်သူသတ်တဲ့စစ်တပ်ဟာ သမီးပျိုတွေကိုအဓမ္မကျင့်ဖို့လည်း ဝန်မလေးတဲ့ တဏှာစစ်တပ်လည်းဖြစ်ပါတယ်။သူတို့ပါးစပ်သရမ်းလို့ ပြန်ပြောမိရင် အကြောင်းရှာဖမ်းတာတွေ ပစ်သတ် တာတွေ လုပ်နိုင်လို့ ဘာမှမပြောဘဲ ငြိမ်နေကြတာ’လို့ သူကပြောပါတယ်။