၁၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။
နိုင်ငံတကာရဲ့ လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုတွေဟာစစ်အုပ်စုရဲ့ ဆိုးရွားပြင်းထန်တဲ့ အကြမ်းဖက်မှုတွေအပေါ် လုံလောက် အားကောင်းတဲ့ တုံ့ပြန်မှုတစ်ရပ် မဟုတ်သေးဘူးလို့ Justice For Myanmarကပြောပါတယ်။
Justice For Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က အခုနောက်ဆုံး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဟာ ပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေ ရပ်တန့်စေဖို့အတွက် မြန်မာစစ်တပ်ဆီ အခွန်ငွေနဲ့စစ်လက်နက်စီးဆင်းမှု ဖြတ်တောက်နိုင်ရေးအတွက် အရေးပါတဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပေမယ့် စစ်အုပ်စုရဲ့အခွန်ငွေနဲ့ လက်နက်ရရှိမှုတွေကို အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ အများကြီးထပ်လုပ်ဖို့ အရေးတကြီး လိုအပ်နေပါသေးတယ်လို့ ဆိုပါတယ်။
‘အထူးသဖြင့်တော့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေလုပ်ငန်း (MOGE)နဲ့ စစ်တပ်ရဲ့ ပုဂ္ဂလိက စစ်လက်နက်ပွဲစားကွန်ရက်တို့ အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ပဲ ဖြစ်ပါတယ်။ အီးယူ၊ ဩစတျေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယတို့ကလည်း မြန်မာစစ်ကောင်စီအပေါ် နှောင့်နှေးမနေကြဘဲ ခိုင်မာအားကောင်းတဲ့ အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်ရပါမယ်။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာ စစ်ကောင်စီကို တရားဝင်မှု ပေးနေတာတွေ ရပ်တန့်ရပါမယ်။ Justice For Myanmar အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးနဲ့ မြန်မာနိုင်ငံအမှုကို နိုင်ငံတကာရာဇဝတ်ခုံရုံးဆီ လွှဲအပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ထပ်မံတောင်းဆိုပါတယ်” လို့သူကပြောပါတယ်။
အကြမ်းဖက်စစ်တပ်အဖွဲ့အစည်းနဲ့ အဖွဲ့ဝင်တွေကို ကနေဒါ၊ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့က ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် ကြိုဆိုကြောင်း Justice For Myanmarက ဒီကနေ့ထုတ်ပြန်ပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ၁၀ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားရေးမှူးရုံးနဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများအဖွဲ့တို့ကို ကနေ ဒါ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့က ဒဏ်ခတ်ပိတ်ဆို့ လိုက်ပြီး ကာကွယ်ရေးပစ္စည်း ဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးကို ကနေဒါနဲ့ယူကေနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန် ပြည်ထောင်စုက စစ်အုပ်စုခန့်ဝန်ကြီးချုပ်တွေဖြစ်တဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊ ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် မောင်ကို တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပါတယ်။