၁၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။
ပြည်သူတွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ လေးစားလောက်တဲ့ ရဲရင့်မှုတွေကို အကြမ်းဖက် စစ်အုပ်စုအနေနဲ့မတားဆီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒီနေ့ဒီဇင်ဘာ၁၀ရက်နေ့မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အတွက် ယာယီသမ္မတပေးပို့တဲ့ သဝဏ်လွှာမှာ အဲဒီလိုထည့်သွင်းဖော်ပြထားပါတယ်။
ယုံကြည်ချက်ကို အခြေခံထားတဲ့CDM လှုပ်ရှားမှုနဲ့ အသွင်အမျိုးမျိုးနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ သပိတ်စစ်ကြောင်းတွေ ရှိနေဆဲဖြစ်ကြောင်းလည်းဆိုပါတယ်။
ဒါ့အပြင် တော်လှန်စစ်ကို ဆင်နွဲနေကြတဲ့ တိုက်ပွဲဝင် သူရဲကောင်းတွေနဲ့ ပြည်သူ့ရင်ခွင်ကို နေ့စဉ် ကူးပြောင်းလာနေတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ သတင်းတွေကလည်း အကြမ်းဖက်စစ်ကောင်စီအတွက် တုန်လှုပ်စရာ ဖြစ်နေကြောင်း ဖော်ပြပါတယ်။
ဆက်လက်ပြီး တဆင့်ပြီးတဆင့် အောင်မြင်နေတဲ့သံတမန် တိုက်ပွဲတွေက စိတ်အားတက်စရာ ကောင်းနေသလို နွေဦးတော်လှန်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ လှူဒါန်း ကူညီနေသူတွေဟာလည်း ချီးကျူး ဂုဏ်ပြုစရာ ကောင်းကြောင်းတစ်ပြိုင်နက်မှာပဲ အသက်ကိုရင်းပြီး အသွင်အမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေတဲ့လူထုနဲ့တိုက်ပွဲတွေအားလုံးကို အမျိုးသားညီညွတ်ရေး အစိုးရက ကျေးဇူးတင် အသိအမှတ်ပြုကြောင်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့လုပ်ရပ်ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ အပြစ်မဲ့ပြည်သူ (၁၃၂၃) ဦး ကျဆုံးခဲ့ပြီး ဥပဒေမဲ့ဖမ်းဆီးမှုကြောင့် ထောင်နှင့်ချီသည့် ပြည်သူတွေချုပ်နှောင်ခံနေရဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။