ဆော်ဒီသတင်းစာဆရာ ခါရှော့ဂီကို သတ်တယ်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦး ပြင်သစ်မှာ ဖမ်းမိ

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ဆော်ဒီနာမည်ကြီး သတင်းစာဆရာ ခါရှော့ဂီကို သတ်ခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦးကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ချားဒီဂေါလ် လေဆိပ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဘီဘီစီသတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ပြင်သစ်ရဲတပ်ဖွဲ့က တရားဝင် အသိပေးထားသလို ဖမ်းဆီးခံရတဲ့ အမျိုးသားရဲ့နာမည်ဟာ အယ်လိုတိုင်ဘီ အမည်ရှိတယ်လို့ ဖော်ပြထားတာပါ။

အဲ့ဒီ အယ်လိုတိုင်ဘီလို့ အမည်ရှိတဲ့ အမျိုးသားဟာ ဆော်ဒီတော်ဝင် အစောင့်တပ်က တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။

အယ်လိုတိုင်ဘီဟာ ခါရှော့ဂီသတ်ဖြတ်ခံရမှုမှာ ပြင်သစ်အစိုးရအပြင် တူရကီအစိုးရ အလိုရှိနေတဲ့ ဆော်ဒီနိုင်ငံသား ၂၆ ဦးမှာ တစ်ဦးအပါအဝင်အဖြစ် လက်ရှိမှာ ယူဆခံထားရပါတယ်။

အသက် (၃၃) နှစ်အရွယ် ဆော်ဒီတော်ဝင် အစောင့်တပ်ဖွဲ့ဟောင်း အယ်လိုတိုင်ဘီကိုတော့ အခုအခါမှာ ပြင်သစ် ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

ဆော်ဒီသတင်းစာဆရာ၊ ဝေဖန်ရေးဆရာလည်းဖြစ်တဲ့ ခါရှော့ဂီဟာ အစ္စဘူလ်မှာ ရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ရက်ရက်စက်စက်အသတ်ခံခဲ့ရတဲ့ သတင်းဆရာ၊ ဝေဖန်ရေးဆရာလည်း ဖြစ်ပါတယ်။

ခါရှော့ဂီဟာ ပြီးခဲ့တဲ့ ၂၀၁၈ အောက်တိုဘာလ ၂ ရက်နေ့မှာ အိမ်ထောင်သစ်ထူထောင်ဖို့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ကွာရှင်းစာ ထောက်ခံချက်လာယူရင်း အသတ်ခံခဲ့ရတာပါ။

ခါရှော့ဂီအသတ်ခံရမှုမှာ ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်မန်းပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပေမယ့် ဆော်ဒီဘက်ကတော့ စွပ်စွဲမှုတွေကို ငြင်းဆန်ထားခဲ့တာပါ။

လက်ရှိ အယ်လိုတိုင်ဘီအတွက်လည်း ပဲရစ်မြို့မှာရှိတဲ့ ဆော်ဒီသံရုံးက ခါရှော့ဂီ အသတ်ခံရတဲ့ ဖြစ်ရပ်မှာ ဒီအမျိုးသား မပါဝင်လို့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှု ပြုလုပ်ထားပါတယ်။