ပန်းပင်ကြီးလမ်းအကြမ်းဖက်သတ်ဖြတ်မှုကိုလက်တုံပြန်တဲ့အနေနဲ့ ရန်ကုန်မြို့နယ်၄ခုမှာ စစ်အုပ်စုကို ပစ်မှတ်ထားတိုက်ခိုက်

၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်ကို တုံ့ပြန်တဲ့အ​နေနဲ့ ရန်ကုန် တိုင်းမြို့နယ်လေးခုမှာ တိုက်ခိုက်မှု​တွေပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှု​တွေဟာ ပျံလွှားအောင်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်း ဖြစ်ပြီး စမ်းချောင်းမြို့နယ် အမှတ်(၂၄)ရဲစခန်း၊ ခရမ်းမြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာအဆောက်အအုံတစ်ခု၊ လှိုင်သာ ယာမြို့နယ် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ တပ်မတော်အထည်ချုပ်စက်ရုံအနီးနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်မှာရှိတဲ့ စစ်အုပ်စုတပ်​တွေရဲ့ စီးပွားရေး​ထောက်တိုင် OMINI FOCUS ကုမ္ပဏီပိုင် YBS 99 ယာဉ်လိုင်းကို အကြမ်းဖက် စစ်တပ်​တွေ လာရောက်စဉ်မှာ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စမ်းချောင်း အမှတ်(၂၄)ရဲစခန်းကို ည ၈ နာရီဝန်းကျင်မှာ ပစ်ခတ်ခြင်း၊ ခရမ်းမြို့မရဲစခန်းကို ၄၀ မမ ဗုံးသီးတွေနဲ့ပစ်ခတ်ခြင်း၊ လှိုင်သာယာ (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ တပ်ချည်မျှင်နဲ့ အထည်စက်ရုံအနီး တပ်စွဲထားတဲ့​နေရာကို ပေါက်ကွဲအားပြင်းတဲ့ဗုံးနဲ့ တိုက်ခိုက်ခြင်းအပြင် ဒဂုံဆိပ်ကမ်း YBS 99 ယာဉ်လိုင်းကို လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေကို အဝေးထိန်းဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှု​တွေကို ဒေသခံကာကွယ်ရေးတပ်တွေဖြစ်တဲ့ Spring Revolution Flames- SRF ၊ Anti-Coup People’s Liberation Force – ACPLF နဲ့ PDF Khayan တို့က ပါဝင်တိုက်ခိုက်ခဲ့ကြတာပါ။

ခရမ်းမြို့တိုက်ခိုက်မှုမှာ ၃ဦးသေ၊၇ဦးဒဏ်ရာရပြီး ဒဏ်ရာရရှိသူတွေထဲက တစ်ဦး အခြေအနေ စိုးရိမ်ရကြောင်း တပ်တွင်းသတင်းပေးပို့ချက်အရသိရတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကဆောင်ရွက်နေတဲ့ ပျံလွှားအောင်စစ်ဆင်ရေးကို ဆက်လက်အရှိန် မြှင့်သွားမယ်လို့လည်းသိရပါတယ်။