KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေအတွင်းက ၃ရက်တာတိုက်ပွဲအတွင်းမှာ စစ်အုပ်စုက ၆ဦးသေ

၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။

KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်(၅) တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်းမှာ ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၃ရက်နေ့အတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက ၆ဦးသေဆုံးခဲ့တယ်လို့ KNUမူတြော်သတင်းစဉ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာလ ၁ရက်နေ့မှာ တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားကာ စစ်အုပ်စု ၄ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ကာ ဒီဇင်ဘာ ၂ရက်နေ့မှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စု ၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၃ရက်နေ့မှာလည်း တိုက်ပွဲ ၄ကြိမ်ထိဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁ဦးသေဆုံးကာ ထိတွေ့တိုက်ပွဲတွေအတွင်းမှာ KNLAဘက်က ထိခိုက်ကျဆုံးသူမရှိဘူးလို့ KNLAက ဒေသတွင်းတာဝန်ရှိသူ အရာရှိတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ KNUထိန်းချုပ်နယ်မြေအတွင်းမှာ စစ်အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားနေပြီး ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။