စစ်အုပ်စုရဲ့ နယ်ခြားစောင့် ဒုရဲအုပ်တစ်ဦး AAကို ထွက်ပြေးခိုလှုံ

၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ရခိုင်ပြည်နယ် ဘင်္ဂလားနယ်စပ်မှာရှိတဲ့ နခဖ နယ်ခြားစောင့်တပ်ဖွဲ့ မှတ်တိုင် ၄၃မှ ဒုရဲအုပ် ကြည်ထွန်း ကိုယ်ပိုင်အမှတ် လ ၂၁၉၁၄၄ဟာ စစ်အုပ်စုလက်အောက်မှာ တာဝန်မထမ်းဆောင် လိုတော့တာကြောင့် ရက္ခိုင့်တပ်တော် AAကို ထွက်ပြေးခိုလှုံ့ခဲ့တယ်လို့ Western Newsမှာ ဖော်ပြထားပါတယ်။

“ကျနော်တို့သိသလောက်တော့ နခဖ မှာတာဝန်ကျနေတဲ့ ကျောက်ဖြူနယ်က ဒုရဲအုပ်ကြည်ထွန်းက လကုန်ရက် နိုဝင်ဘာ ၃၀ မှာ သူ့တာဝန်ကျရာကနေထွက်လာပြီး AA ထဲကိုထွက်ပြေးသွားတော့ သူ့ကိုလိုက်ပို့တယ်လို့ဆိုပြီး မောင်တောက ကယ်ရီသမားကို ဖမ်းဖို့လိုက်ရှာတာ။ သူ့ကိုမတွေ့တော့ သူ့အကိုကို ဖမ်းသွားတာ”လို့ မောင်တောမြို့နယ် မင်းခအောင်းရွာနေ ကိုအောင်သိန်းလှကပြောပါတယ်။

လိုက်ပို့သူ ကယ်ရီသမားကို စုံစမ်းမရတာကြောင့် စစ်အုပ်စုက အစ်ကိုဖြစ်သူကို နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်အသွယ်မရဘဲ ပြတ်တောက်နေတယ်လို့ သိရပါတယ်။

“သူတို့က ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၆ နာရီခွဲလောက်က ကျမယောင်္ကျားကိုခေါ်သွားကြတာ။ လာတုန်းက သူ့ညီနဲ့အဆက်သွယ်ရလားမေးတယ်။ သူ့ညီက လူတစ်ယောက်ကိုလိုက်ပို့မှုနဲ့ မေးစရာ ရှိလို့ပြောတယ်။ ကျမတို့ကအဆက်သွယ်မရဘူးပြောတော့ ကျမယောင်္ကျားကိုဖ မ်းခေါ်သွားတာ ၊ ညနေဖက်တစ်ခေါက်ရောက်လာသေးတယ်။ ပြီးရင်ပြန်ခေါ်သွားတာ ခုထိအဆက်သွယ်မရသေးဘူး။ အောင်သာယာမှာရှိတဲ့ သူ့မိဖဆီကို ရောက်လာပြီး ဖမ်းသွားတဲ့သူတွေက နောက်ဆုံးအနေနဲ့ စကားပြောခိုင်း ကန်တော့ခိုင်းတယ်လို့ကြားတယ်။ အဲ့ဒါကြောင့် ကျမတို့အရမ်းစိတ်ပူနေတာပါ”လို့ ဖမ်းဆီးခံရသူရဲ့ ဇနီးဖြစ်သူ မတန်ယဉ်က ပြောပါတယ်။

ဖမ်းဆီးခံထားရသူ မောင်ခင်လှမှာ မင်းခမောင်းရွာမှာ လက်လုပ်လက်စား နေထိုင်သူတစ်ဦးဖြစ်ပြီး နရခ (၇) တပ်ရင်းအတွင်းမှာ ဖမ်းဆီးထားတယ်လို့ အတည်မပြုရသေးတဲ့ သတင်းတွေအရသာ သိရပါတယ်။

Credit- Western News