တပ်မဟာ(၅)နယ်မြေအတွင်း နိုဝင်ဘာလတစ်လထဲမှာ တိုက်ပွဲ ၁၅၀ကျော် ဖြစ်ပွား စစ်အုပ်စုဘက်က ၁၀၀ကျော်သေ

၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတြော်ခရိုင်အတွင်းမှာ အကြမ်းဖက်စစ်အုပ်နဲ့ သူတို့လက်အောက်ခံ BGFတွေ စစ်ရေးလှုပ်ရှားလာမှုကြောင့် နိုဝင်ဘာလ တစ်လအတွင်းမှာ ထိတွေ့တိုက်ပွဲပေါင်း ၁၅၁ကြိမ်ထိဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၁၀၃ဦး သေဆုံးခဲ့တယ်လို့ KNU မူတြော်သတင်းစဉ်က ဒီကနေ့ ဒီဇင်ဘာလ ၃ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၁ရက်နေ့ကနေ နိုဝင်ဘာလ ၃၁ရက်နေ့အထိ မူတြော်ခရိုင်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၁၅၁ကြိမ်အတွင်းမှာ စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံ BGFတို့ ၁၀၃ဦးထိသေဆုံးကာ ၈၈ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ စစ်အုပ်စုက တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦးပါဝင်ခဲ့ပြီး ဒဏ်ရာရရှိသူစာရင်းထဲမှာထဲ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးတစ်ဦး ပါဝင်ခဲ့တယ်လို့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုဘက်က မြင်းလား ၆ကောင်သေဆုံးပြီး ၆ကောင်ဒဏ်ရာရရှိကာ စစ်ကား ၇စီးပျက်စီးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAဘက်က ၃ဦးကျဆုံးကာ ၇ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ထိတွေ့တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးတွေကို အလွန်အကျွံအသုံးပြုခဲ့ပြီး အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲကို လက်နက်ကြီး ကျည်ပေါင်း ၅၃လုံးထိ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။