ဂဒါဖီရဲ့သားဖြစ်သူ လစ်ဗျားသမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် ပြန်ရ

၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။

လစ်ဗျား ရွေးကောက်ပွဲ ကော်မရှင်မဟာ အာဏာရှင်ဟောင်း ဂဒါဖီရဲ့သားကို သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်းမပြည့်မီဘူးဆိုတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပေမယ့် လစ်ဗျားတရားရုံးကတော့ ဆေ့ဂဒါဖီကို သမ္မတလောင်းဝင်ပြိုင်ခွင့်အတွက် အသိအမှတ်ပြုလိုက်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ အာဏာရှင်ဟောင်း ဂဒါဖီရဲ့ သားဟာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ခဲ့ပေမယ့် လစ်ဗျားရွေးကောက်ပွဲ ကော်မရှင်ကတော့ ဆေ့ဂဒါဖီကို အရည်အချင်းမပြည့်မီတဲ့ ကိုယ်စားလှယ်စာရင်းထဲ ထည့်သွင်းခဲ့တာပါ။

ဆေ့ဂဒါဖီဘက်က ဒီဆုံးဖြတ်ချက်အတွက် အယူခံဝင်တာတွေ ပြုလုပ်မှာဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီး အခုအခါ လစ်ဗျားတရားရုံးကနေ သူ့ကို ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခွင့်အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့တာပါ။

ဆေ့ဂဒါဖီဟာ စစ်ရာဇဝတ်မှုတွေအဖြစ် ဖခင်ဖြစ်သူ ဂဒါဖီကို ဆန့်ကျင်တဲ့ ပြည်သူတွေအပေါ် နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့ရာမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ ပြစ်ချက်တွေနဲ့ တရားစွဲဆိုတာတွေ ခံထားရတာပါ။ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ မှတ်ပုံတင်ကတည်းက လူကြိုက်နည်းခဲ့တဲ့ ဆေ့ဂဒါဖီကတော့ တရားရုံးရဲ့ အခုဆုံးဖြတ်ချက်ကြောင့် မျှော်လင့်ချက်တွေ ပြန်လည် ရရှိခဲ့ပြီပဲဖြစ်ပါတယ်။