သံအမတ်ကြီးဦးကျော်မိုးထွန်းနေရာ အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်ခန့်အပ်ဖို့ကြိုးပမ်းမှု ဖြစ်နိုင်ဖွယ်မရှိ

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။

လက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့နေရာမှာ အကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ်ခန့်အပ်ဖို့ ကြိုးပမ်းမှုဟာဖြစ်နိုင်ဖွယ်မရှိဘူးလို့ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းကဖော်ပြပါတယ်။

ကုလသမဂ္ဂ  စိစစ်ရေးကော်မတီက အာဖဂန်နစ္စတန်၊မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ ကုလသမဂ္ဂ ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ရွှေ့ဆိုင်းနိုင်ဖွယ်ရှိပြီး နှစ်နိုင်ငံစလုံးအတွက် လက်ရှိသံအမတ်တွေကိုပဲ  နိုင်ငံကိုယ်စားပြုခွင့်ဆက် ပေးနိုင်ကြောင်း သံတမန်လေးဦးက ရိုက်တာသတင်းဌာနကို ပြောကြားထားတယ်လို့သိရပါတယ်။

နယူးယောက်မြို့မှာ  ဒီဇင်ဘာ ၁ ရက်နေ့ ပြုလုပ်တဲ့ ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ ပါဝင်တဲ့ ကုလသမဂ္ဂ စိစစ်ရေး ကော်မတီဟာ အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးရဲ့ ထောက်ခံတင်ပြချက်တွေအပေါ် အခြေခံပြီး ကိုယ်စားပြုမှုကိစ္စကို ဆွေးနွေးကြမှာပါ။

မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့တာလီဘန်တို့ဟာ သူတို့ ဖြုတ်ချခဲ့တဲ့အစိုးရတွေက ခန့်အပ်ထားတဲ့ သံတမန်တွေနေရာမှာ သူတို့ရဲ့ကိုယ်စားလှယ်တွေ  အစားထိုးဖို့  ကြိုးစားနေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့နေရာမှာ အကြမ်းဖက်စစ်တပ်အရာရှိတစ်ဦးဖြစ်တဲ့ အောင်သူရိန် ကိုအစားထိုးဖို့ အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်နေတာ ဖြစ်ပါတယ်။