မီချီဂန်ပြည်နယ်အထက်တန်းကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ် ကျောင်းသား သုံးဦးသေဆုံး

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အမေရိကန်နိုင်ငံ ၊ မီချီဂန်ပြည်နယ်က အထက်တန်းကျောင်းတခုမှာ သေနတ်ပစ်ခတ်မှုဖြစ်လို့ ကျောင်းသား ၃ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၃၀ရက်နေ့ မွန်းလွဲပိုင်း အောက်စဖိုဒ့် အထက်တန်းကျောင်းမှာ အသက် ၁၅နှစ်အရွယ် ကျောင်းသားတဦးက ပစ်ခတ်ခဲ့တာပါ။ ကျောင်းသား ၇ဦးနဲ့ ဆရာ တဦး ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၃ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိနေတာပါ။

အခင်းဖြစ်ပွားချိန် စာသင်ခန်းထဲက ကျောင်းသားတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရပြီး ရဲကားတွေ အရေးပေါ်လူနာတင်ကားတွေ မိနစ်ပိုင်းအတွင်းမှာ ရောက်လာခဲ့ကြပါတယ်။

လက်ရှိမှာ သေနတ်ပစ်ခတ်သူကို အာဏာပိုင်တွေက ထိန်းသိမ်းထားပြီး ဘာကြောင့် အခုနဲ့ သေနတ်နဲ့ ပစ်ခတ်ရတာလဲဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဖြစ်စဉ်နဲ့ ပတ်သတ်လို့ သေဆုံးသွားတဲ့ကျောင်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းရကြောင်း ပြောကြားခဲ့ပါတယ်။