တိုက်ပွဲတွေပိုပြင်းထန်လာလို့ စစ်ကိုင်းတိုင်းပြည်သူ နှစ်သောင်းခွဲကျော် ထပ်မံနေရပ်စွန့် ထွက်ပြေး

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကြား ပိုမိုပြင်းထန်လာတဲ့တိုက်ပွဲတွေ ကြောင့် စစ်ကိုင်းတိုင်းမြို့နယ်၄ခုက ပြည်သူ၂၆၀၀၀ကျော်ဟာ ထပ်မံနေရပ်စွန့်ခွာထွက်ပြေးရတယ်လို့ UNOCHA Myanmar က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲတွေပြင်းထန်လာတာကြောင့် မြန်မာနိုင်ငံရဲ့အနောက်မြောက်ပိုင်း၊ အထူးသဖြင့်စစ်ကိုင်းတိုင်းဒေသကြီးက လူသားချင်းစာနာမှုအခြေအနေဟာ ဆက်လက်ဆိုးရွားနေပြီး နိုင်ငံတွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေကို ထပ်မံတွေ့ရှိရတယ်လို့ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ ကိန်းဂဏန်းတွေအရ စစ်ကိုင်းတိုင်းမှာ အိုးအိမ်စွန့်ထွက်ပြေးရသူ ၄၁,၀၀၀ နီးပါးရှိလာပြီဖြစ်ကြောင်းအခုအချိန်အထိ လူဦးရေ ၂၃,၃၀၀ ခန့်ဟာ ချင်းပြည်နယ်က ယာယီစခန်းတွေမှာ နေထိုင်နေရပြီး မကွေးတိုင်းမှာလူ ၁၁,၇၅၀လောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း UNOCHA Myanmar ကထုတ်ပြန်ပါတယ်။

ဖေဖေါ်ဝါရီလကတည်းက အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ထွက်ပြေးလာသူပေါင်း ၁၅,၀၀၀ လောက်ရှိခဲ့ပြီး ထပ်မံထွက်ပြေးတာတွေလည်း ရှိနေပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က မီးလောင်မှုကြောင့် ထန်တလန်မြို့မှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအပါအဝင် အနည်းဆုံး အိမ်ခြေ ၄၀ လောက်ပျက်စီးဆုံးရှုံးခဲ့ပြီး စက်တင်ဘာလ ၁၈ရက်ကတည်းက နဲ့ပေါင်းပါက မီးလောင်ပျက်စီးသွားတဲ့ အိမ်ပေါင်း ၃၈၆ လုံးရှိသွားခဲ့ပြီဖြစ်ပါတယ်။ထန်တလန် မြို့နေလူထုကတော့ ပြီးခဲ့တဲ့လကတည်းက မြို့ကိုစွန့်ခွာသွားခဲ့ပြီး အိန္ဒိယနိုင်ငံနယ်စပ်မှာ ယာယီနေထိုင်နေရပါတယ်။

လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ ချင်းပြည်နယ်အတွင်းက ပဋိပက္ခဒဏ်ခံစားရတဲ့နေရာတွေမှာ အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးပြတ်လပ်နေမှုတွေအတွက် စိုးရိမ်နေပြီး အကူအညီလိုအပ်နေတဲ့ နေရပ်စွန့်ခွာလာသူ ၄,၀၀၀ လောက်နဲ့ လက်ခံလူထု ၂၂,၀၀၀ အပါအဝင် လူပေါင်း ၂၆,၀၀၀ လောက်ရှိနေတဲ့ မင်းတပ်မြို့သို့ အရေးပေါ်သွားလာခွင့်ရရှိဖို့ ကြိုးပမ်းနေကြပါတယ်။

ချင်းပြည်နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရခိုင့်တပ်တော်တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် လူဦးရေ ၆,၃၀၀ ခန့်ဟာ ပလက်ဝမြို့နယ်က ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်နေရပါတယ်။