စစ်ကိုင်းတိုင်းအတွင်း ယာယီသွားလာမှုရပ်ဆိုင်းထားရတဲ့ လမ်းပိုင်းအချို့ ပြန်လည် အသုံးပြု နိုင်တယ်လို့ MPDF ထုတ်ပြန်

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ လမ်းပိုင်းအချို့ကို ဖြတ်သန်းသွားဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တားမြစ်ပြီးနောက်မှာ လမ်းပိုင်းအချို့ကို ပြန်လည်အသုံးပြုလို့ရပြီဖြစ်ကြောင်း Monywa People Defence Force – MPDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၃၀ရက်နေ့ နေ့လည် ၁၀နာရီ ၃၀မိနစ်ခန့်က စတင်ကာ မန္တလေး-မြင်းမူ-မုံရွာလမ်းပိုင်း၊ မန္တလေး- အရာတော်- မုံရွာလမ်းပိုင်း၊ မန္တလေး-ရွှေဘို-မုံရွာလမ်းပိုင်း၊ ပခုက္ကူ-ချောင်းဦး-မုံရွာလမ်းပိုင်းတွေကို ပြည်သူတွေအနေနဲ့ ပြန်လည်ဖြတ်သန်းသွားနိုင်ဖြစ်တယ်လို့ သိရပါတယ်။

လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာ အသုံးပြုတဲ့ ပြည်သူတွေအနေနဲ့ ကားမှန်ချပြီး အတွင်းခန်းမီးဖွင့်လှစ်ကာ မောင်းနှင်ပေးဖိုပ၊ ကားတွေကို အမိုးအကာမအုပ်ပဲ မောင်းနှင်ဖို့နဲ့ စစ်အုပ်စုရဲ့ ယာဉ်တန်းတွေနောက်ကနေ ကပ်မလိုက်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

လမ်းပိုင်းများ ယာယီပိတ်ဆို့ထားစဉ်မှာ နားလည်လက်ခံပေးခဲ့တဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။