ယူရို ၂၀၁၆ ချန်ပီယံနဲ့ ယူရို ၂၀၂၀ ချန်ပီယံတို့အနက်က တစ်သင်းဟာ ကမ္ဘာ့ဖလားကို လွဲရတော့မယ်

 

၂၈၊ နိုဝင်ဘာ၊ ၂၀၂၁

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဖို့အတွက် ဥရောပဇုန်ရဲ့နောက်ဆုံးအဆင့် Play-Offs ခြေစစ်ပွဲတွေကို မဲခွဲထုတ်ပြန်လိုက်ပါပြီ။ စိတ်ဝင်စားစရာကောင်းတာကတော့ ယူရိုချန်ပီယံဟောင်းနဲ့ လက်ရှိချန်ပီယံဟောင်းတို့ ထိပ်တိုက်တွေ့ဖို့ ရှိနေတဲ့ ပွဲလမ်းကြောင်းပါပဲ။

ခြေစစ်ပွဲ နောက်ဆုံးအဆင့်ကို ပုံစံသစ်နဲ့ကျင်းပတာဖြစ်လို့ ဒီတစ်ကြိမ်မှာ နာမည်ကြီးအသင်းတချို့ ပြုတ်ကျန်ရစ်ခဲ့မှာက ကျိန်းသေသလောက် ရှိနေပါပြီ။ အထူးသဖြင့် ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီနဲ့ ယူရို ၂၀၂၀ ချန်ပီယံ အီတလီတို့ ထိပ်တိုက်တွေ့ဖို့ရှိနေတဲ့ ပွဲလမ်းကြောင်းဟာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

 ဥရောပဇုန်ခြေစစ်ပွဲကနေ အုပ်စုဒုတိယရခဲ့တဲ့ အသင်းအရေအတွက်က ၁၀ သင်း ရှိခဲ့ပါတယ်။ အဲ့ဒီအသင်းတွေထဲမှာ အစဉ်အလာရှိတဲ့အသင်းတွေ ပါနေတော့ ပရိသတ်တွေအနေနဲ့ လာမယ့် ကမ္ဘာ့ဖလားပွဲမှာ အသင်းကောင်းတချို့ကို ဆုံးရှုံးရတော့မှာပါပဲ။

ဥရောပဇုန်ခြေစစ်ပွဲမှာ အုပ်စုဒုတိယရရှိတဲ့အသင်း ၁၀ သင်း ရှိခဲ့ပါတယ်။ အဲ့ဒီအသင်းတွေက ပေါ်တူဂီ၊ စကော့တလန်၊ အီတလီ၊ ရုရှား၊ ဆွီဒင်၊ ဝေလ၊ တူရကီ၊ ပိုလန်၊ မြောက်မက်ဆီဒိုးနီးယားနဲ့ ယူကရိန်းတို့ပါပဲ။

ဒီအသင်း ၁၀ သင်းဟာ ဥရောပနေးရှင်းလိဂ်က အသင်းနှစ်သင်းဖြစ်တဲ့ ချက်၊ ဩစတြီးယားတို့နဲ့ပေါင်းပြီး နောက်တစ်ဆင့်ခြေစစ်ပွဲကို ကစားရမှာဖြစ်ပါတယ်။

 ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းလာတာက Path C လမ်းကြောင်းမှာ ကျရောက်သွားခဲ့တဲ့ အီတလီနဲ့ ပေါ်တူဂီတို့ရဲ့အခြေအနေပါပဲ။ အီတလီဟာ မက်ဆီဒိုးနီးယားနဲ့ ကစားရမှာဖြစ်လို့ ခြေစစ်ပွဲဖိုင်နယ်အဆင့်ရဲ့ဗိုလ်လုပွဲကို တက်ရောက်လာဖို့က ကျိန်းသေနေပါတယ်။

ပေါ်တူဂီကလည်း တူရကီနဲ့ဆိုတော့ ဖိုင်နယ်ဆီရောက်လာဖို့ အခွင့်အလမ်းများနေတဲ့သဘောပါပဲ။ ဒီတော့ အီတလီနဲ့ ပေါ်တူဂီသာ ဖိုင်နယ်မှာ တွေ့ခဲ့ရင် တစ်သင်းကတော့ ကမ္ဘာ့ဖလားကို ဝေးဝေးကလွမ်း….ဒဏ်ရာတွေ ရင်နဲ့မဆံ့ဘူးဆိုပြီး ကျန်နေရစ်ခဲ့ရတော့မှာပါ။

 အီတလီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း အခုလို Play-Offs အဆင့်ကနေပဲ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရဖူးတယ်။ အဲ့ဒီတစ်ကြိမ်က အီတလီကို ပြိုင်ပွဲပါဝင်ခွင့်မရအောင် အစွမ်းပြလိုက်တာဟာ ဆွီဒင်ပဲဖြစ်ပါတယ်။

အခု ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အီတလီသာ ပါဝင်ခွင့်မရခဲ့ဘူးဆိုရင် ယူရိုချန်ပီယံအသင်း မပါဝင်တဲ့ ကမ္ဘာ့ဖလားပွဲ ဖြစ်လာတော့မှာဖြစ်သလို အီတလီအနေနဲ့ကြည့်မယ်ဆိုရင်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ်ဆက် လွဲချော်တဲ့ မှတ်တမ်းဆိုးကို ရင်ဆိုင်ရတော့မှာပါ။

ပေါ်တူဂီဘက်ကို ကြည့်လိုက်ရင်လည်း စီရော်နယ်ဒိုကို မြင်တွေ့နေရပါတယ်။ တကယ်လို့ ပေါ်တူဂီသာ ခြေစစ်ပွဲကျရှုံးခဲ့ရင် ကမ္ဘာ့ဖလားပွဲမှာ စီရော်နယ်ဒို ကစားတာကို မြင်ကြရဖို့ မရှိတော့ပါဘူး။

လာမယ့် ကမ္ဘာ့ဖလားဟာ စီရော်နယ်ဒိုအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာနိုင်လို့ သူ့ရဲ့ပရိသတ်တွေက ကာတာမြေဆီ စီရော်နယ်ဒို ရောက်လာတာကို မြင်တွေ့ခွင့် ရလိုနေပါတယ်။

ယူရို ၂၀၁၆ ချန်ပီယံနဲ့ ပူပူနွေးနွေး ယူရို ၂၀၂၀ ချန်ပီယံတို့အနက် ဘယ်အသင်းဟာ ကာတာသွားခွင့်လက်မှတ်ကို အရဖြတ်သွားနိုင်လေမလဲဆိုတာ စောင့်ကြည့်ရင်ခုန်လိုက်ကြရအောင်လား။

Delta News

Read Previous

အမေရိကန်ထိပ်တန်းသံတမန်ရဲ့ အာရှ၄နိုင်ငံခရီးစဉ်အတွင်းမြန်မာစစ်အုပ်စုကို ဖိအားပေးမယ်

Read Next

သတင်းဒိုင်ဂျက်(နိုဝင်ဘာ၂၁-၂၇)