အမေရိကန်ထိပ်တန်းသံတမန်ရဲ့ အာရှ၄နိုင်ငံခရီးစဉ်အတွင်းမြန်မာစစ်အုပ်စုကို ဖိအားပေးမယ်

၂၇၊ နိုဝင်ဘာလ၊ ၂၀၂၁။

အရှေ့အာရှဆိုင်ရာ အမေရိကန်ထိပ်တန်းသံတမန်ရဲ့အရှေ့တောင်အာရှ၄နိုင်ငံခရီးစဉ်အတွင်း မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဖိအားပေးသွားမယ်လို့သိရပါတယ်။

အရှေ့အာရှဆိုင်ရာအမေရိကန်ထိပ်တန်းသံတမန် Daniel Kritenbrink ဟာ နိုဝင်ဘာ၂၇ရက်ကနေ ဒီဇင်ဘာ ၄ရက်နေ့အထိ အင်ဒိုနီးရှား၊မလေးရှား၊စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်မှာဖြစ်ပြီး ၄နိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရပ်တန့်ဖို့ နဲ့လူသားချင်းစာနာမှုအကူအညီတွေပေး အပ်တာကိုခွင့်ပြုဖို့ မြန်မာအကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးရေးအကြောင်းထည့်သွင်း ဆွေးနွေးသွားမယ်လို့ အမေရိကန်နိုင်ငံ ခြား ရေးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီခရီးစဉ်အတွင်း လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ရာသီဉတုပြောင်းလဲမှုနဲ့ ကိုဗစ်ရောဂါဆိုင်ရာတို့ကို လည်းဆွေးနွေးသွားပါမယ်။

အမေရိကန်သမ္မတဘိုင်ဒန်အနေနဲ့ အရှေ့တောင်အာရှနဲ့ ဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့ ကတိပြုပြီးနောက် ဒီခရီးစဉ် ထွက်ပေါ်လာတာပါ။

အမေရိကန်နိုင်ငံခြားရေးဌာနအကြံပေး ဒဲရစ်ချိုးလက်ဟာလည်း အောက်တိုဘာ၁၇ကနေ၂၂ရက်နေ့အထိ ထိုင်း၊စင်ကာပူနဲ့ အင်ဒိုနီးရှားကို လာရောက်ခဲ့စဉ် မြန်မာ့အရေးဆွေးနွေးခဲ့ပါသေးတယ်။