တက်တူးထိုးတဲ့ ကစားသမားတွေက မထိုးသူတွေထက် ဂိုးပိုမိုသွင်းနိုင်တယ်ဆိုတဲ့ လေ့လာမှုတစ်ခုထွက်ပေါ်

 

၂၇၊ နိုဝင်ဘာ၊ ၂၀၂၁။

ဘောလုံး ကစားသမားတစ်ယောက်အနေနဲ့ တက်တူးရှိမှ ဂိုးသွင်းနိုင်သလားဆိုတဲ့ မေးခွန်းဟာ ရယ်စရာ ကိစ္စတစ်ခုလိုဖြစ်နေပေမယ့် အခုတော့ လေ့လာမှုတစ်ခုက ဖော်ပြလာတဲ့ ကိစ္စတစ်ခုကြောင့် အတော်လေး အံ့အားသင့်စေခဲ့ရပါတယ်။ 

ဒါကတော့ ကိုယ်ခန္ဓာမှာ တက်တူးထိုးထားတဲ့ ဘောလုံးကစားသမားတွေဟာ တက်တူးမထိုးထားတဲ့ ကစားသမားတွေထက် ၄၂ ရာခိုင်နှုန်းအထိ ဂိုးပို သွင်းနိုင်တယ်ဆိုတဲ့ လေ့လာမှုတစ်ခုပါပဲ။ 

ဒီအကြောင်းအရာကိုတော့ The Sun သတင်းဌာနက ဖော်ပြလာခဲ့တာဖြစ်ပြီး ဖော်ပြချက်မှာ‌တော့ တက်တူးရှိသူတွေဟာ ဂိုးရနိုင်ခြေပိုများသလို အဝါကတ်ပြစ်ဒဏ် ရရှိမှုကလည်း တက်တူးမရှိသူတွေထက် ပိုမိုများပြားတယ်လို့ ဖော်ပြခဲ့တာပါ။ 

ဘရာဇီးတိုက်စစ်မှူး နေမာလို တက်တူးမြင်မြင်သာသာ ရှိတဲ့ ကစားသမားတွေဟာ ပြိုင်ဘက် ကစားသမားတွေအပေါ်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာရစေတယ်ဆိုတဲ့ သဘောမျိုးကိုလည်း ဖော်ပြပါတယ်။ လေ့လာသူတွေဟာ လာလီဂါ ၂၀၁၈-၂၀၁၉ ရာသီက အချက်အလက်တွေကိုလည်း လေ့လာခဲ့ကြသလို‌ တောင်အမေရိကနဲ့ ဥရောပ ကစားသမားတွေကို အခြေခံပြီးလည်း လေ့လာခဲ့ပါတယ်။ 

ခန္ဓာကိုယ်မှာ တက်တူးထိုးသူတွေကို စွန့်စားမှု ရှိတဲ့ သူတွေအဖြစ် ရှုမြင်ပြီး ရည်မှန်းချက်တွေ အောင်မြင်အောင် ပြုလုပ်နိုင်သူတွေအဖြစ် လေ့လာသူတွေက ရှုမြင်ကြပါတယ်။ 

ဖင်လန်နိုင်ငံ Helsinki University Hospital က အရေပြားအထူးကုဆရာဝန် ဒေါက်တာ ကလူဂါကတော့ အရေပြားပေါ် တက်တူးထိုးတာဟာ စိတ်အတွင်းက ထင်ပေါ်စေမှုနဲ့ ဆက်စပ်ပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ရန်လို ပုန်ကန်တတ်တဲ့ စရိုက်လက္ခာဏာတွေကို ကိုယ်စားပြုတယ်လို့ အသိပေးထားပါတယ်။