အက်ဇ်ပီလီကူအီတာကို တမင်သက်သက် ပြစ်ဒဏ်ကျူးလွန်ခဲ့တာလို့ အီဘရာဟီမိုဗစ် ပြော

 

၂၃၊ နိုဝင်ဘာ၊ ၂၀၂၁။

ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က စပိန်နဲ့ ဆွီဒင်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သူ့အနေနဲ့ စပိန်ခံစစ်မှူး အက်ဇ်ပီလီကူအီတာကို တမင်သက်သက် ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ပွဲစဉ်မှာ ထောင့်ကန်ဘောကန်တင်ချိန် အက်ဇ်ပီလီကူအီတာကို ပုခုံးနဲ့ တွန်းထိုးတိုက်ခိုက် ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ကကတော့ ဒီဖြစ်ရပ်အတွက် အီဘရာဟီမိုဗစ်ကို အဝါကတ်ပြစ်ဒဏ် သတ်မှတ်လိုက်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ဘောလုံးကွင်းတွင်းမှာတုန်းက ကွင်းလယ်ဒိုင်လူကြီးရဲ့အရေးယူခံရခြင်းကနေ ကင်းလွတ်ခဲ့ပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက ဗီဒီယိုမှတ်တမ်းပြန်ကြည့်ပြီး အီဘရာဟီမိုဗစ်ကို အခုလို အရေးယူလိုက်တာပဲဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ အဝါကတ်ပြစ်ဒဏ် သတ်မှတ်ခံလိုက်ရတဲ့အတွက် သတ်မှတ်အဝါကတ်အရေအတွက် ပြည့်သွားပြီး မတ်လမှာ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play-Offs ပထမအကျော့ကို လွဲချော်ရတော့မှာပါ။

“ဟုတ်ပါတယ်။ အဲ့ဒီပြစ်ဒဏ်ကျူးလွန်မှုကို ကျွန်တော် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာပါ။ အခုလို ဝန်ခံရလို့လည်း ကျွန်တော် မရှက်ပါဘူး။ ကျွန်တော့ရဲ့ကြီးမားလှတဲ့ ကစားသမားတစ်ယောက်ဂုဏ်ပုဒ်ကို သူတို့ လေးစားဖို့ လိုပါတယ်။ ကျွန်တော် သူ့ကို သတိပေးခဲ့ပါတယ်။ ဘောလုံးမရှိဘဲနဲ့ ဆွဲလား တွန်းလား မလုပ်ဖို့အတွက်ပါ။ ဒါပေမဲ့ သူက ဆက်လုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော့်အကြောင်းကို သိအောင် ပြလိုက်တာပါ”လို့ အီဘရာဟီမိုဗစ်က ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။