ဆောမြို့နယ်ထဲ တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းဆင်းလာတာကလွဲ တိုက်ပွဲငြိမ်သက်

၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

မကွေးတိုင်း၊ဆောမြို့နယ် ကျောက်ထုလေယာဉ်ကွင်းကို တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းဆင်းလာတာကလွဲလို့ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဆောဒေသအတွင်း ငြိမ်သက်နေတယ်လို့ သိရပါတယ်။

မုံရွာကနေထွက်ခွာလာတဲ့ စစ်ရဟတ်ယာဉ်နှစ်စင်းဟာ ဒီနေ့မနက်၁၀နာရီ၃၅မိနစ်လောက်က ဆောမြို့ နယ်၊ကျောက်ထုလေယာဉ်ကွင်းကို ဆင်းသက်ရပ်နားပြီးသိပ်မကြာမီ ချင်းပြည်နယ်တောင်ပိုင်း၊မင်းတပ်ဘက် ကိုထွက်ခွာသွားတယ်လို့ ကျောက်ထု ဒေသခံတစ်ဦးကပြောပါတယ်။

‘ရဟတ်ယာဉ်နှစ်စင်းလာတာဟုတ်တယ်။မနေ့က ကျည်ထိတဲ့ ရဟတ်ယာဉ်တစ်စင်းကို ပြင်ဖို့အတွက် လို အပ်တဲ့ပစ္စည်းတွေ လာပို့တာလို့ သိရတယ်’လို့ ဆောPDF ရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ တိုက်ပွဲမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF )ရဲ့ ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး မီးခိုးတအူအူနဲ့ ကျောက်ထုလေယာဉ်ကွင်းဆီ အရေးပေါ်ဆင်းသက်သွားတယ်လို့ ဆောPDF က ဆိုပါတယ်။

‘မနေ့က အကောင်ကြီးကြီးတွေသေတယ်လို့ ယူဆတယ်။အဲဒါကြောင့် ရဟတ်ယာဉ်တွေ ယောက် ယက် ခတ်ပြီးလာတာ’လို့ သူကပြောပါတယ်။

ယမန်နေ့တိုက်ပွဲအတွင်း ရေနံတွင်းတူးတဲ့ပိုက်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်တာဝေးပစ်RPGနဲ့ ရဟတ်ယာဉ်ကိုပုခုံးထမ်းပစ်ရာမှာ RPG ပေါက်ကွဲထွက်ပြီး ဆောPDFရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦ မျက်နှာ ဒဏ်ရာရခဲ့ပါတယ်။

‘ရေနံတူးတဲ့ပိုက်တွေနဲ့လုပ်ထားတဲ့ RPG ပေါ့။သူကဂွထောင့်နဲ့ အလျားလိုက် ကန်အားနဲ့ ပစ်ရတာကို ထောင်ပြီးရဟတ်ယာဉ်ပစ်တာ ဒီဂရီအရမ်းမတ်တော့ ယမ်းကမကန်နိုင်ဘဲနဲ့ ပိုက်လုံးပွင့်ထွက်သွားတာ’လို့ ဆောPDF နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ယမန်နေ့က အကြမ်းဖက်စစ်သား၆၀ကျော်တို့ဟာ တောမရွာလယ်ကွင်းထဲအရောက် ဒေသခံပြောက် ကျား၄ဖွဲ့ပူးပေါင်းပြီး လယ်ကွင်းအစပ်တောင်ပေါ်ကနေ ပစ်ခတ်ခဲ့ပါတယ်။

‘မိုင်းဆွဲခံရတာရော အပစ်ခံရတာရော စုစုပေါင်း ၄၀လောက်သေလိမ့်မယ်။အဲဒါနဲ့ စစ်ရဟတ်ယာဉ်တွေ နဲ့ အပေါ်ကနေ စက်သေနတ်တွေနဲ့ပစ်လို့ ပြန်ဆုတ်ကြရတာ။တကယ်မို့ ရဟတ်ယာဉ်သာနာရီဝက်လောက်နောက် ကျရင် စစ်ခွေးတွေအကုန်သေမှာ’လို့ ဆောPDF နဲ့နီးစပ်သူကပြောပါတယ်။

ဒေသခံပြောက်ကျားတပ်တွေဟာ မောင်းပြန်သေနတ်အနည်းငယ်သာရှိပြီး တူမီး၊လက်လုပ်သေနတ် စတာတွေနဲ့ ယမန်နေ့မနက်၆နာရီခွဲကနေ မါန်းလွဲ၂နာရီအထိ တိုက်ပွဲဝင်ခဲ့တာပါ။