အာဆီယံမူ၅ချက် ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ဂျပန်နဲ့ ကမ္ဘောဒီးယား တိုက်တွန်း

၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေသဘောတူချမှတ်ထားတဲ့ မူ၅ချက် ကို အချိန်ကြန့်ကြာမှုမရှိဘဲ အပြည့်အဝအကောင်အထည်ဖော်ဖို့ ဂျပန်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က အကြမ်းဖက်စစ် အုပ်စုကို တိုက်တွန်းလိုက်ပါတယ်။

လာမယ့်၂၀၂၂ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာ၀န်ယူမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေး၀န်ကြီး Prak Sokhonn နဲ့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး Yoshimasa Hayashi တို့ ဟာနို၀င်ဘာလ ၁၈ ရက်နေ့က  တယ်လီဖုန်းကနေတစ်ဆင့် ဆွေးနွေးကြရာမှာ  မြန်မာ့အရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပြီး အဲဒီလို တိုက်တွန်းလိုက်တာပါ။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့ဟာ  အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 လက်ရှိ မြန်မာ့အကျပ်အတည်ကိုဖြေရှင်းရေး ငြိမ်းချမ်းတဲ့ ချဉ်းကပ်နည်းတခု ရှာဖွေတာမှာ မြန်မာနိုင်ငံကို အထောက်အကူပြုဖို့ အာဆီယံဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက်စလုံးက   သဘောတူညီကြပါတယ်။

လက်ရှိအချိန်ထိ အကြမ်းဖက်စစ်အုပ်စုဟာ အာဆီယံဘုံသဘောတူညီချက်တွေကို လုံးဝလက်မခံဘဲ ပြတ် ပြတ်သားသားအာခံနေပါတယ်။

အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို အမေရိကန်၊တရုတ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကပါ သဘောတူ အသိ အမှတ်ပြုထားတဲ့ ကမ္ဘာ့ဘုံသဘောတူညီချက်တစ်ရပ်လို့လည်းဆိုနိုင်ပါတယ်။