ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ ပြည်ပခရီးသွားတွေကို ပြန်လက်ခံဖို့ ဖိလစ်ပိုင် စီစဉ်နေ

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

ကိုဗစ်ကပ်ရောဂါကြောင့် ပြည်ပခရီးသွားလက်ခံမှုကို တနှစ်ခွဲကျော်ကြာ ပိတ်ထားပြီးနောက် ဖိလစ်ပိုင်အစိုးရအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ ပြည်ပခရီးသွားကို ပြန်လက်ခံဖို့ စီစဉ်တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်ဟာ လှပတဲ့ ကမ်းခြေဒေသတွေနဲ့ ရေငုပ်လို့ရတဲ့ လှုပ်ရှားမှုတွေကြောင့် နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်ခဲ့ပေမယ့် ကိုဗစ်စဖြစ်ကတည်းက ခရီးသွားလာမှုတွေကို ပိတ်ပင်ခဲ့တာပါ။

ရောဂါကူးစက်မှုလျော့နည်းတဲ့ နိုင်ငံတွေဆီက ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသူတွေကို နိုင်ငံတွင်းလာရောက်ခွင့်ပြုဖို့ လုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင် ခရီးသွားဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် မကြာခင် နယ်စပ်တွေကိုလည်း ပြန်ဖွင့်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

လူဦးရေ သန်း ၁၁၀ ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ သုံးပုံတစ်ပုံဟာ ကိုဗစ်ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးပါပြီ။

ကပ်ရောဂါစဖြစ်ကတည်းက ဖိလစ်ပိုင်မှာ လူပေါင်း ၂ ဒဿမ ၈သန်းကျော် ရောဂါကူးစက်ခဲ့ပြီး လူဦးရေ ၄၅,၀၀၀ လောက်သေဆုံးခဲ့ပါတယ်။