နိပွန်ဥက္ကဌ ဆာဆာကာဝါ  NLD ပါတီနဲ့ တရားဝင်တွေ့ဆုံခဲ့ခြင်းမရှိ

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဂျပန်နိုင်ငံ၊နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ဟာ NLD ပါတီနဲ့ တရားဝင်တွေ့ဆုံခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

နိပွန်ဖောင်ဒေးရှင်ဥက္ကဌ ဆာဆာကာဝါက NLDခေါင်းဆောင်ပိုင်းနဲ့တွေ့ဆုံခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲ မှာပြောကြားခဲ့တဲ့အပေါ် NLD ဗဟိုအလုပ်ကော်မတီ ဦးဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကVOA ကို ပြောပါတယ်။

နိပွန်ဖောင်ဒေးရှင်းဥက္ကဌ သွားရောက်တွေ့ဆုံခဲ့တဲ့သူဟာ သမ္မတဟောင်းဦးထင်ကျော်ရဲ့ဇနီး NLD လွှတ် တော်ကိုယ်စားလှယ်ဒေါ်စုစုလွင် ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေရှိပြီး တကယ်လို့ ဒေါ်စုစုလွင်နဲ့ တွေ့ဆုံ ခဲ့တယ်ဆိုရင်လည်း ပုဂ္ဂိုလ်ရေးတွေ့ဆုံမှုသာဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်ကဆိုပါတယ်။

‘ဘာဖြစ်လို့လဲဆိုတော့ အခု NLD ပါတီကို ကိုယ်စားပြုပြီးတော့ တွေ့ဆုံဖို့ရာအတွက် သူ့ကို တာဝန်ပေးအပ်ထားတာ မရှိဘူး။’လို့ သူက VOA ကိုပြောပါတယ်။

နိပွန်ဖောင်ဒေးရှင်းဥက္ကဌမစ္စတာဆာဆာကာဝါအနေနဲ့ NLD ပါတီတာဝန်ကို ဆက်လက်ထမ်းဆောင်နေသူတစ် ဦးနဲ့တွေ့ခဲ့တယ်ဆိုရင် နာမည်ထုတ်ဖော်မပြောရဲစရာအကြောင်းမရှိဘူးလို့လည်း NLD ဗဟိုအလုပ်ကော်မတီ အဖွဲ့ဝင် ဦးကျော်ထွေးကပြောပါတယ်။

‘သူ့ပုဂ္ဂိုလ်ရေးစိတ်ကောင်းစေတနာနဲ့ပဲဖြစ်ဖြစ်၊အခြားမျှော်မှန်းချက်တွေအရပဲဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးကိုပြေ လည်စေချင်တယ်ဆိုရင် ဒီမိုကရေစီကိုချစ်မြတ်နိုးတယ်ဆိုရင် ပြည်တွင်းကအခြားနိုင်ငံရေးပါတီတွေ၊တာဝန်ရှိ သူတွေနဲ့ တွေ့သလို ပွင့်ပွင့်လင်းလင်း၊ရိုးရိုးသားသားပြောပြသင့်တာပေါ့။ပြီးတော့ သတင်းဖြစ်နေသလို ပါတီက လူပုဂ္ဂိုလ်တစ်ဦးနဲ့ ပုဂ္ဂိုလ်ရေးကိစ္စ တွေ့ခဲ့တယ်ဆိုတာကိုလည်း ကာယကံရှင်ဘက်က အတည်ပြုထားတာ မကြား ပါဘူး။တကယ်တွေ့ခဲ့တယ်ဆိုရင်တောင်ပါတီနဲ့တွေ့ခဲ့တယ်ဆိုပြီး ရောချလိုက်တာဆိုရင် သူ့ရဲ့ရိုးသားမှုနဲ့ စိတ် ကောင်းစေတနာအပေါ် မေးခွန်းတွေအများကြီးနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်’လို့ ဦးကျော်ထွေးကပြောပါတယ်။

 ပြည်တွင်း၊ ပြည်ပ သံတမန်တွေအနေနဲ့  NLD ဗဟိုအလုပ်ကော်မတီ နဲ့ ဆက်သွယ်ဆောင်ရွက်မှသာ NLDပါတီနဲ့  တရားဝင် ဆက်သွယ်ဆောင်ရွက်ခြင်းမျိုး ဖြစ်တယ်လို့လည်း  ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဆာဆာကာဝါရဲ့မြန်မာခရီးစဉ်ဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးခရီးစဉ်သာဖြစ်ပြီး ဂျပန်အစိုးရနဲ့ မသက်ဆိုင်ဘူးလို့ သိရပါတယ်။