ဆောမှာတိုက်ပွဲပြင်းထန်၊အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ်နဲ့ ကူပစ်

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဒီနေ့မနက်ပိုင်းမှာ မကွေးတိုင်း၊ဆောမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့ပါ ကူပစ်နေတယ်လို့ သိရပါတယ်။

ဆောမြို့နယ်၊တောမရွာနဲ့ကင်းလိမ်ကျေးရွာပတ်ဝန်းကျင်မှာ YDF၊PDF-Saw၊CDF Mindat၊CDF Kanpetlet တို့ပူးပေါင်းပြီးအကြမ်းဖက်စစ်တပ်ကို ခုံခံတော်လှန်တိုက်ပွဲဝင်နေကြတယ်လို့ ဒေသခံပြောက်ကျားရဲဘော်တစ် ဦးကပြောပါတယ်။

‘ဒီနေ့မနက်ကတည်းက တိုက်နေတာ အခုချိန်ထိ မပြီးသေးဘူး။အခု၁၁နာရီ၂၀လောက်မှာ  ရဟတ်ယာဉ်နဲ့ပါကူပစ်နေပြီ’လို့ ဒေသခံပြောက်ကျားရဲဘော်တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့၂ရက်ကတည်းက အကြမ်းဖက်စစ်သား၆၀ကျော်တို့ဟာ ကန်ပက်လက်ဘက်ကဆင်းလာကာ စစ်ကြောင်း ထိုးနေခြင်းဖြစ်ပြီး ယမန်နေ့ညက တိုက်ပွဲစဖြစ်တာလို့ သိရပါတယ်။

‘မနေ့ညက ဆောPDF ကတစ်ယောက်ကျတယ်။ဒီနေ့မနက်မှာ PDF ရဲဘော်တစ်ဦး ပခုံးကျည်မှန်လို့ ဆေးကုသ ပေးနေတယ်။စစ်ခွေးတွေဘက်က ဒီမနက်၅ယောက်သေတယ်လို့ သိရတယ်’လို့ သူကပြောပါတယ်။

ဒီနေ့နေ့ခင်း၁၂နာရီထိုးခါနီးအထိ တိုက်ပွဲမပြီးသေးဘူးလို့လည်း သိရပါတယ်။

‘ကျွန်တော်တို့ ဆီမှာလည်း မောင်းပြန်သေနတ်တွေရှိနေပြီဆိုတော့ သူပစ်ကိုယ်ပစ်တိုက်နေကြတာ။နယ်မြေကျွမ်း ကျင်မှုတို့၊ပြည်သူထောက်ခံမှုတို့ စိတ်ဓာတ်တက်ကြွမှုတို့က ကျွန်တော်တို့ဘက်က လုံးဝအသာကြီးပဲဆိုတော့ စစ် ခွေးတွေက အခြေအနေမကောင်းလို့ ရဟတ်ယာဉ်နဲ့ပါ လာကူပစ်နေရတာ’လို့ သူကဆက်ပြောပါတယ်။

ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာZalen က တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဆောနဲ့ကံကြီးလမ်းဖက်ကိုအသွားအလာဆင်ခြင်ကြဖို့၊ပြည်သူအားလုံး လုံခြုံရေးသတိရှိကြဖို့၊တိုက်ပွဲဧရိယာအတွင်းက ဒေသခံတွေအနေနဲ့ ပတ်ဝန်းကျင် ဆူညံစေတဲ့ စက်သံတွေ၊ ပြည်သူတွေ ဝေဝါးစေနိုင်တဲ့သတင်းပေးမှုတွေကို အထူးလိုက်နာ ရှောင်ကြည်ပေးကြဖို့ထုတ်ပြန်ထားပါတယ်။