ရန်ကုန်တိုင်းPDF၂၀ကျော်အဖမ်းခံရ၊ဦးဖြိုးဇေယျာသော်သတင်း ရာနှုန်းပြည့်အတည်မပြုနိုင်သေး

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ PDF ရဲဘော်၂၀ကျော်ဖမ်းဆီးခံရတာသေချာပေမဲ့ ဦးဖြိုးဇေယျာသော် ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုမူရာနှုန်းပြည့်အတည်မပြုနိုင်သေးဘူးလို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ တာဝန် ရှိသူတစ်ဦးက ဒီကနေ့မနက်မှာပြောပါတယ်။

NLDလွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်မှာ နိုဝင်ဘာ ၁၈ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းစဉ် အဖမ်းခံရခြင်း ဖြစ်တယ်လို့ သတင်းတချို့ကဆိုပါတယ်။

‘ကျွန်တော်တို့ရန်ကုန်တိုင်း(ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့)က၂၀ကျော်အဖမ်းခံရတာဟုတ်ပါတယ်။ကို ဇေယျာသော်သတင်းကတော့ သေချာပေါက်ကွန်ဖန်းမဖြစ်သေးဘူး’လို့ သူကပြောပါတယ်။

လတ်တလောအဖမ်းခံရတဲ့သူတွေထဲမှာ အမှန်တကယ်တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေပါသလို သာမန်ပြည်သူတွေကို လျှောက်ဖမ်းပြီး စစ်အုပ်စုထုံးစံအတိုင်း ဇာတ်လမ်းဆင်ထားတာတွေလည်း အများကြီးပါတယ်လို့ သိရပါတယ်။

PDF ရဲဘော်၂၀ကျော်ကို တစ်နေရာတည်းမှာ ဖမ်းမိခြင်းမဟုတ်ဘဲ နေရာစုံကနေဖမ်းဆီးမိတာလို့သိရပါတယ်။

‘သတင်းပေါက်တာမဟုတ်ဘူး။ကွင်းဆက်မိတာပါ။ရုတ်တရက်ကွင်းဆက်မဖြတ်နိုင်ခင် အမိခံရတာ’လို့ သူကဆက် ပြောပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပျံလွှားအောင်စစ်ဆင်ရေးကို ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း တို့မှာ ဖြန့်ကျက်တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး အခုလို PDFရဲဘော်တချို့ အဖမ်းခံရခြင်းကြောင့် တိုက်ပွဲအရှိန်ကျဆင်း သွားမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။

ပျံလွှားအောင်စစ်ဆင်ရေးကို လူသိရှင်ကြားကြေညာပြီး စစ်ရေးလှုပ်ရှားမှုတွေကိုဆောင်ရွက်နေတာဖြစ်ပေမဲ့ စစ် အုပ်စုက ပျံလွှားအောင်စစ်ဆင်ရေးအကြောင်းလုံးဝမထုတ်ပြန်ရဲတာ ကြည့်ရင် မင်းအောင်လှိုင်စစ်တပ်ရဲ့ သွေး ပျက်နေမှုအတိုင်းအဆကိုခန့်မှန်းနိုင်မှာဖြစ်ကြောင်းလည်း သူကဆိုပါတယ်။

‘ပျံလွှားတွေရဲ့ ဒီထက်ပြင်းထန်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ပြင်ဆင်ထားပါလို့ မင်းအောင်လှိုင် ရဲ့အကြမ်းဖက်စစ်တပ်ကို သတင်းစကားပါးလိုက်ချင်ပါတယ်’လို့ သူကပြောပါတယ်။

ပြည်သူအတွက်စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေအတွက် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အ နေနဲ့ အမြဲဂုဏ်ယူလေးစားနေမှာပါလို့လည်းပြောပါတယ်။

ပျံလွှားအောင်စစ်ဆင်ရေးဟာ လူအများစိတ်ဝင်စားကြတဲ့ ကြည့်မြင်တိုင်၊ဗားကရာမီးပွိိုင့်ပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်းစစ်အုပ်စုပစ်မှတ်တွေကို အောင်မြင်စွာတိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။