၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။
တောင်ကိုးရီးယားနိုင်ငံက ချီးမြှင့်တဲ့ “အလုပ်သမားအခွင့်အရေးဆု”ချီးမြှင့်ငွေ ဝမ်သိန်း ၃၀ အပါအဝင် ကျပ်ငွေသိန်း ၁၀၀ ကို ချင်းပြည်နယ်၊ ထန်တလန်မြို့ စစ်ဘေးရှောင်ပြည်သူတွေဆီ ပေးပို့လှူဒါန်းသွားမယ်လို့ ဆုရရှိခဲ့တဲ့ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ(ကိုးရီးယား)ရဲ့ တာဝန် ရှိသူကပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံက ချီးမြှင့်တဲ့အလုပ်သမားအခွင့်အရေးဆု “မီနူးဆု”ကို မြန်မာအလုပ်သမားလူမှုဖူလုံရေး စင်တာ (ကိုရီးယား)က ရရှိခဲ့တာဖြစ်ပြီး ဆုချီးမြှင့်ပွဲကိုတော့ မနေ့က တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဆောင်ဂုန်ဟွဲဘုရားကျောင်းမှာကျင်းပခဲ့ပါတယ်။
မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာဟာ အစိုးရနဲ့ တခြား အဖွဲ့အစည်းတွေရဲ့ အကူအညီ အထောက် အပံ့ မယူဘဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုယ်တိုင် ဦးဆောင်ပြီး ကိုယ်တိုင် အဖွဲ့ဝင်ကြေးထည့်ဝင် လှုပ်ရှားတဲ့အပြင် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထားခြင်း၊ စင်တာရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် သိသင့်သိထိုက်တဲ့ သတင်းတွေဖြန့်ဝေပေးခြင်း၊ စင်တာ တည်ထောင်ပြီး ၂ နှစ်ခွဲတာကာလအတွင်း မြန်မာလုပ်သားတွေမရခဲ့တဲ့ လုပ်အားခ သိန်း ၁၈,၀၀၀ ကျော်ကို ပြန်လည်ရ ယူပေးနိုင်ခဲ့ခြင်း စတာတွေကြောင့် ဒီဆုကိုချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စင်တာဟာ မြန်မာနိုင်ငံရေဘေးဒုက္ခသည်တွေအတွက် ဝမ် သိန်း ၄၀၀၊ ကိုဗစ်ကာကွယ်ရေးအတွက် ဒေါ်လာ ၁၁,၄၀၀ တန်ဖိုးရှိ Test kitတွေနဲ့ Mask ၊ CDM ဝန်ထမ်းတွေအတွက် ဝမ်သိန်း ၆၀၀ ကျော်နဲ့ စစ်ဘေးရှောင်တွေ အတွက် ကျပ်သိန်း ၁၀၀ လှူဒါန်းမှုတွေစတဲ့ မိခင်နိုင်ငံကို အမြဲပါဝင်ပံ့ပိုးပေးနိုင်ခဲ့တဲ့အတွက်လည်း အခုလို ဆုချီးမြှင့်ရတာဖြစ်တယ်လို့ တောင်ကိုးရီးယားနိုင်ငံက ကြေညာခဲ့ပါတယ်။
မီနူးဆုကို တောင်ကိုရီးယားနိုင်ငံအတွင်းရှိ ရွှေပြောင်းလုပ်သားတွေရဲ့ အခွင့်အရေး တိုးတက်စေဖို့ ထိရောက်စွာ ဆောင်ရွက်နေတဲ့ ကာယကံရှင်ရွှေ့ပြောင်းအလုပ်သမားတွေကိုယ်တိုင် တည်ထောင်တဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်ပြီး ၂၀၂၀ ခုနှစ်မှာစတင် ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။