အီတလီမှာကျင်းပတဲ့ မြန်မာ့အရေးကွန်ဖရင့် ကုလသံအမတ်ကြီးနဲ့ဝန်ကြီးနှစ်ဦး တက်ရောက်ဆွေးနွေး

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။

အီတလီနိုင်ငံ၊ပါးမားတက္ကသိုလ်မှာကျင်းပနေတဲ့ မြန်မာ့ဒီမိုကရေစီအရေးကွန်ဖရင့်မှာ သံအမတ်ကြီးဦးကျော်မိုး ထွန်းနဲ့ ဝန်ကြီးနှစ်ဦး တက်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

Freedom from Fear- Democracy in Myanmarခေါင်းစဉ်နဲ့ ပါးမားမြို့၊ ပါးမား တက္ကသိုလ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ၂၀ ရက်အထိ ကျင်းပနေတဲ့ကွန်ဖရင့် တတိယနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဒေါက်တာဆာဆာနဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးမိုးဇော်ဦးတို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ချက်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးက ထုတ်ပြန် ပါတယ်။

သံအမတ်ကြီးနဲ့ဝန်ကြီးတို့ဟာ “Discontinued Democracy: The Coup in Myanmar and the Resistance” ခေါင်းစဉ်နဲ့ လက်ရှိမြန်မာ့ နိုင်ငံရေးအခြေအနေ၊ မြန်မာစစ်တပ်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ၊ မြန်မာလူထုရဲ့ ဒီမိုကရေစီရေး ခုခံတွန်းလှန်မှုတွေ၊ ဒီမိုကရေစီ ဆက်လက်ရှင်သန်ရေး၊ နိုင်ငံတကာနဲ့ဒေသတွင်းမှာ မြန်မာ့အရေးရဲ့ သက်ရောက်မှုနဲ့ နိုင်ငံတကာရဲ့ပံ့ပိုးကူညီမှု အဓိကအရေးကြီးပုံတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးကွန်ဖရင့်ကိုဆီနိတ်တာ Albertina Soliani၊ အီတလီ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Piero Fassino၊ ပါးမားတက္ကသိုလ်ပါမောက္ခချုပ် Paulo Andrei၊ ပါးမားမြို့၊ မြို့တော်ဝန် Federico Pizzarotti၊ ပါးမားခရိုင် ဒုဥက္ကဋ္ဌ Giuseppe Delsante၊ စုဖောင်ဒေးရှင်းဥက္ကဋ္ဌ Jean Todt နဲ့ အမှုဆောင်ဒါရိုက်တာ Michael Marett-Crosby တို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။