ကနေဒါမှာ ရေကြီး၊ မြေပြိုမှု ပိုမိုဆိုးရွားလာလို့ စစ်တပ်အင်အားသုံးပြီး အကူအညီပေးနေရ

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။

ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုတွေဟာ ပိုမိုဆိုးရွားလာခဲ့လို့ ပြည်နယ်ကို အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပြီး ကယ်ဆယ်ရေးအတွက် ကနေဒါစစ်တပ်ပါ ကူညီလုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။

လက်ရှိမှာ အစာရေစာပြတ်လပ်မှုတွေပါ တွေ့ကြုံလာခဲ့ရတာဖြစ်လို့ ကနေဒါအစိုးရဟာ British Columbia ပြည်နယ်ကို လေတပ်က စစ်သည်တွေပါလွှတ်ပြီး အကူအညီပေးနေခဲ့ရတာပါ။

မလိုအပ်တဲ့ ခရီးသွားလာမှုတွေကိုလည်း ကန့်သတ်ထားပြီး ထောက်ပံ့ရေး လမ်းကြောင်းတွေကို ပိုမိုအားကောင်းအောင် ကနေဒါ အစိုးရက ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြည်နယ်ရဲ့ အဓိကလမ်းမတွေဟာလည်း ရွှံ့နွံထူထပ်မှုတွေဖြစ်ပေါ်နေသလို မြေပြိုမှုအန္တရာယ်ဟာ လက်ရှိမှာ ကြီးများတဲ့ ပြဿနာတစ်ခုအဖြစ် ရှိနေခဲ့တာပါ။

ဗန်ကူးဗားမြို့ရဲ့ အရှေ့ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ အဂက်ဆစ်မြို့အနီးက ပိတ်မိနေတဲ့ လူပေါင်း ၃၀၀ ကျော်ကိုတော့ ကနေဒါလေတပ်က စစ်ရဟတ်ယာဉ်တွေအသုံးပြုပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပြည်နယ်က လယ်သမားတွေ ပိုင်ဆိုင်ထားတဲ့ ကျွဲနွားတွေကိုတော့ လုံးဝ စွန့်လွှတ်လိုက်ရတဲ့ ပုံစံမျိုးမဖြစ်အောင် British Columbia မြို့တော်ဝန်က အသေအချာ စီမံဆောင်ရွက်နေပါတယ်။

“လယ်သမားတွေအနေနဲ့ တိရစ္ဆာန်တွေကို စွန့်ပစ်လိုက်ဖို့ ခက်တယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ အခုလူတွေရဲ့ ဘဝတွေက ကျွန်တော့်အတွက် ပိုပြီး အရေးကြီးပါတယ်”လို့ မြို့တော်ဝန် ဟင်နရီဘရွန့်က အသိပေးထားပါတယ်။

လက်ရှိမှာ ကျွဲနွားတိရစ္ဆာန်တွေကိုတော့ မြင့်မားတဲ့ တောင်ကုန်းနေရာတွေမှာ နေရာချပေးထားပြီး ဆုံးရှုံးမှုတွေ နည်းသထက် နည်းပါးအောင် ပြုလုပ်နေပါတယ်။