၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။
အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပြောက်ကျားတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် မြန်မာနိုင်ငံအနောက် မြောက်ပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးသူများပြားလာနေတယ်လို့ UNOCHA Myanmar ကဆိုပါတယ်။
အောက်တိုဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၈ ရက်နေ့ကြား အနောက်မြောက်ပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေ များလာပြီး နိုဝင်ဘာလအစပိုင်းမှာ ချင်းပြည်နယ် မတူပီ၊ ထန်တလန်နဲ့ ပလက်ဝမြို့နယ်တွေမှာ လူဦးရေ ၅,၂၀၀ ခန့်ဟာ ထပ်မံအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ UNOCHA Myanmar က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ အကူအညီလိုအပ်နေသူတွေဆီ သွားရောက်နိုင်ဖို့ ခက်ခဲနေပြီး ဒေသခံအကူအညီပေးသူတွေကတစ်ဆင့်သာ အကူအညီတွေ ပေးအပ်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ လူပေါင်းများစွာဟာ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးဝင်ရောက်ခဲ့ပြီး ဖေဖေါ်ဝါရီလကတည်းကဆိုရင် နယ်စပ်ဖြတ်ကျော်ထွက်ပြေးသူတွေ စုစုပေါင်း၁၅,၀၀၀ ကျော်ရှိနေကြောင်း အလားတူ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ လူ ၈,၂၀၀ခန့်ဟာ ထပ်မံနေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး စစ်ကိုင်းတိုင်းမှာ ရက်သတ္တပတ်နှစ်ခုအတွင်း တိုက်ပွဲရှောင်ထွက်ပြေးသူဦးရေဟာ နှစ်ဆကျော်ဖြစ်လာကြောင်းသိရပါတယ်။
ချင်းပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မေလကတည်းက လူဦးရေ ၄၉,၇၀၀ ခန့်ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ကြား ယခင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၆,၃၄၀ ခန့်ဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်ရဆဲပါ။
ချင်းပြည်နယ်ထဲက နေရပ်ရွှေ့ပြောင်းလာရသူတွေ၊ လက်ခံလူထုအသိုင်းအဝိုင်းတွေမှာ အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးပြတ်လတ်မှုတွေကို ကြုံတွေ့နေရပါတယ်။
မကွေးတိုင်း၊ ဆောနဲ့ ဂန့်ဂေါမြို့နယ်တွေမှာတော့ နေရပ်စွန့်ခွာသူ တွေဟာ လုံခြုံရေးအခြေအနေတိုးတက်လာလို့ နေရပ်ပြန်လာသူတွေ ရှိခဲ့တယ်လို့ UNOCHA Myanmar ကထုတ်ပြန်ပါတယ်။